အပြည်ပြည်ဆိုင်ရာ အကူအညီတွေ ဝင်ရောက်မှု အခက်အခဲရှိနေတဲ့ ကယား(ကရင်နီ)ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်မှုတွေ ပြုလုပ်နိုင် ဖို့အတွက် ယခုနှစ်ကုန်ပိုင်း အတွင်းလောက်မှာ အကူအညီတွေပေး နိုင်ဖို့ မျှော်လင့်ထားတယ်လို့ EU ကပြောပါတယ်။
"အီးယူအနေနဲ့က အစီအစဉ်တွေ ဆွဲနိုင်ဖို့ မျှော်လင့်ပါတယ်။ ပထမဆုံးအနေနဲ့ သူတို့မှာ ဘာတွေ လိုအပ်တာလဲ၊ ပြီးတော့ ဦးစားပေးလုပ်ရမှာက ဘာတွေလဲ ဆိုတာတွေကို အရင်ဆုံးနားလည်အောင် လုပ်ရပါမယ်။ အဲ့ဒါကလည်း အချိန် လေး၊ငါး လလောက်ယူရဦးမှာပါ။ အဲ့ဒါပြီးလိို့ နှစ်ကုန်ပိုင်း လောက်ကျရင်တော့ လေ့လာချက်တွေ အဆုံးသတ် နိုင်ပြီးတော့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း ဒါမှမဟုတ် အဲ့ဒါတွေကို အကောင်အထည်ဖော် ဆောင်ရွက်ကြမယ့် အီးယူရဲ့ ပါတနာ အဖွဲ့တွေနဲ့ စာချုပ်ချုပ် ဆိုတာတို့ ပြုလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။" လို့ European Union မှ Head operation ဖြစ်တဲ့ Veronique Lorenzo က ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။
EU ဥရောပ အဖွဲ့ အစည်း ဟာ ယခုလက်ရှိမြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအပိုင်း တွေမှာ ပါဝင်လုပ်ဆောင်နေတဲ့ Mercy Corps၊ မေတ္တာဖောင်ဒေးရှင်း၊ Care Myanmar ၊ ACF နှင့် AVSI စတဲ့အဖွဲ့အစည်း တွေကို အထောက်အပံ့ပေးနေတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။
ကယားပြည်နယ်ဖွ့ံဖြိုးရေးကိစ္စတွေမှာ လိုအပ်မည့်အကူအညီတွေပြင်ဆင်နိုင်ဖို့ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၄ ရက်အထိ EU အဖွဲ့မှ ပါတနာ အဖွဲ့အစည်းတွေနဲ့အတူ ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်နီ လူမှုအသင်းအဖွဲ့တွေ အပါအဝင် ဒုက္ခသည်တွေနဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တို့ကို လာရောက် တွေ့ဆုံခဲ့ပါတယ်။
"အခု အခြေအနေတွေကလည်း ပြောင်းလဲနေတယ်။ ပြောင်းလဲမှုတွေလည်း ရှိနေတယ် မြန်မာနိုင်ငံထဲမှာ… ဆိုတော့ အီးယူအနေနဲ့ အထူးသဖြင့် ကယားပြည်နယ် မှာ အီးယူရဲ့အထောက်အပံ့ နဲ့ အကူအညီ တွေကို ဖွံ့ဖြိုးရေး အပိုင်းတွေမှာ ကူညီနိုင်ဖို့ မျှော်လင့်လို့ လာရတာပါ။ " လို့ Veronique Lorenzo ကပြောပါတယ်။
KNPP အတွင်းရေးမှုး ၁ ခူဦးရယ်ကတော့ ယခုလိုမျိုး ပြုပြင်ပြောင်းလဲရေးကာလမှာ မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ အကူအညီတွေကို အမှန်တကယ် လိုအပ်တယ်လို့ နားလည်ထားသလို တဆက်တည်းမှာပဲ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့လည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မရောက်ခင်မှာ ဖွံ့ဖြိုးတိုးတက်မှုတွေ အလျင်အမြန်မဖော်ဆောင်သင့်သေးဘူးလို့ အခုလို ပြောပါတယ်။
"ကျနော် အခြေအနေတခုကို ပြောပြချင်ပါတယ်။ အဲ့ဒါကတော့ မြန်မာ အစိုးရက ဖွံ့ဖြိုးရေးကနေပြီးတော့ ငြိမ်းချမ်းရေးကို သွားဖို့ဦးတည်တဲ့ အချိန်မှာ ကျနော်တို့ ကတော့ ငြိမ်းချမ်းရေးကို အရင်ဆုံး ခိုင်မာအောင် တည်ဆောက်ပြီးတော့မှ ဖွ့ံဖြိုးရေးကို သွားဖို့ ကျနော်တို့ က အမြင် ရှိပါတယ်။"
ဆက်လက်ပြီး အီးယူ အနေနဲ့ ယခုနှစ်မှာ ကယားပြည်နယ်အတွက် အခြေခံကျတဲ့ လူမှုဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ ဘဝပြန်လည်ထူထောင်ရေး စတာတွအတွက် အထောက်အပံ့တွေ ပြုလုပ်နိုင်ဖို့ အာရုံစိုက်ပြီး စီစဉ်မှုတွေစတင်နေတာနဲ့ ပတ်သက်လို့လည်း ခူဦးရယ်ကအခုလို ပြောဆိုသွားပါတယ်။
"ရှေ့ဆက်သွားရမယ့် ခရီးက အရှည်ကြီး ရှိတယ်ဆိုတာကို ကျနော်တို့ကောင်းကောင်း သဘောပေါက်ပါတယ်။ အဲ့ဒါကြောင့်မို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း တချိန်တည်းမှာ ယေဘုယျ ဆန်ဆန် တွေ့ရှိနေတဲ့ အခြေအနေကို အသေးစိတ်မသိပဲနဲ့တော့ ကျနော်တို့ကို အရမ်းကြီး ကိုင်ပြီးတော့ တွန်းနေတာမျိုးတော့ မလုပ်သင့်ဘူးလို့ ကျနော်တို့ အဲလိုနားလည်တယ်"