မြန်မာတနိုင်ငံလုံးသို့ လျှပ်စစ်မီးဖြန့်ဖြူးနေတဲ့ ကယား(ကရင်နီ)ပြည်နယ်မှ လောပိတရေအားလျှပ်စစ်နှင့် အနီးဆုံးနေထိုင် ကြတဲ့ ဒေသခံပြည်သူတွေက အိမ်တိုင်းတွင် လျှပ်စစ်မီးရရှိဖို့အရေး တောင်းဆိုနေကြတယ်လို့ လောပိတကျေးရွာ အုပ်စု ကန်နီကျေးရွာမှ ဦးငေါဆန်းက ပြောပါတယ်။
ကျေးရွာတွေမှာ ထရန်စဖော်မာ မရှိကြတဲ့အတွက် ကျေးရွာတိုင်းမှာ ရွာရဲ့ထက်ဝက်ခန့်မျှသာမီတာ ဘောက်များ တပ်ဆင်ပေးနိုင်ပြီး မီတာဘောက်အားလုံး တပ်ဆင်ပေးနိုင်အောင် ထရန်စဖော်မာ တပ်ဆင်ပေးနိုင်ရန် ပြည်နယ်အစိုးရထံ တင်ပြတောင်းဆို သွားမယ်လို့ ပြောပါတယ်။
ကန်နီရွာမှ ဦးငေါဆန်းက “ မီတာဘောက်ဘယ်လောက်ရှိသလဲ ထရန်စဖော်မာအားက ခံနိုင်အား ဘယ်လောက်ရှိသလဲ ဆိုတာ ကောက်ပြီး ဆရာကြီးက တင်မှာ အဲဒါကြောင့် ကျနော်တို့ လောပိတအုပ်စုမှာ မီတာဘောက်ဘယ်ရွာ ဘယ်နှစ် လုံးကောက်ပြီးတော့မှ မီတာဘောက်ဒီလောက်ရချင်တယ်။ ထရန်စဖော်မာ မနိုင်တာတော့ သူတို့ သိတယ်လေး သူတို့က ချပေးရင်ချပေးမှာပေါ့ ပြည်နယ်အစိုးရကို ဝန်ကြီးချုပ် အဲလိုရည်ရွယ်တာပါ” လို့ ပြောပါတယ်။
လောပိတရေအားလျှပ်စစ်စက်ရုံ အမှတ်(၁)နှင့်နီးတဲ့ လောကထုကျေးရွာဟာ အမှတ်(၁)စက်ရုံမှဝန်ထမ်း တွေအတွက်ကိုသာ လျှပ်စစ်မီးဖြန့်ဖြူးနေသည့် ထရန်စဖော်မာကိုသာလျှင် မျှသုံးနေရတာဖြစ် တယ်လို့ လောကထုရွာမှ ဦးမီရယ်က ယခုလို ရှင်းပြပါတယ်။
ဦးမီရယ်က “အဲဒီထရန်စဖော်မာဖိုးကို ငါတို့က မတတ်နိုင်တော့ ထရန်စဖော်မာ မထိုင်နိုင်တော့ မီးကို သူတို့မပေးတာပဲရှိတယ်။ မီးကတော့ ချပေးရင်ရတယ်။ ငါတို့ကိုယ်ပိုင် ထရန်စဖော်မာ မရှိဘူးလေး။ အခုဆိုရင် ငါတို့က နံပါတ် ၁ နဲ့နီးတယ်မှတ်လား နံပါတ် ၁ အတွက် ဝန်ထမ်းတွေကို ချထားပေးတဲ့ ထရန်စဖော်မာကို ငါတို့ရွာက မျှသုံးနေရတယ်။ မျှသုံးနေရတော့ သူတို့တွက်ကိန်းနဲ့ကျတော့ ရွာမှာမီတာ ဘယ်လောက်ရှိသလဲ ဝန်ထမ်းတွေ ဘယ်လောက်ရှိသလဲဆိုတာ တွက်ပြီး ထရန်စဖော်မာက ဒီလောက်အားပဲနိုင်တယ် ဆိုပြီးတော့ ဒီထက်ပိုပြီးတော့ မီတာ ချပေးလို့မရဘူးပေါ့။ လောပိတဘက်က တကွင်လုံးအတူတူပဲ လုံးဝမီတာ မချပေးဘူး” လို့ ပြောပါတယ်။
“လွန်ခဲ့တဲ့ စက်ရုံစတည်ထောင်ပြီးကတည်းစစချင်းမှာ မီးမရပါဘူး နှစ်ပေါင်း နှစ်ဆယ်ကျော်ကြမှရတာပါ ။ ရပေမဲ့လို့လည်း ပြည့်ပြည့်ဝဝမရဘူး ဆိုလစဲရွာအနေနဲ့ ရွာကကြီးတယ် အိမ်ခြေ ၁၂၀ ထဲမှာမှ အိမ်ခြေ ၆၅ လုံးပဲရတော့ တခြားအိမ်ခြေအတွက် နောက်ထပ် လေးငါးဆယ် လိုချင်ပါသေးတယ်” လို့ ဆိုလစဲရွာမှ ဦးလီးရယ်က ပြောပါတယ်။
လောပိတရေအားလျှပ်စစ်စက်ရုံနှင့် အနီးဆုံးဖြစ်တဲ့ လောပိတကျေးရွာအုပ်စုအတွင်းရှိ လောကထုရွာ၊ ဆိုလစဲရွာ၊ ကန်နီရွာ၊ ရှမ်းရွာ၊ လေးအိမ်ကယားရွာ၊ ပဒေါင်ကုန်းရွာတို့က ကျေးရွာတွေရဲ့ ထက်ထက်ခန့် လောက်သာ လျှပ်စစ်မီးရရှိကြတယ်လို့ သိရပါတယ်။
ကယားပြည်နယ်အတွင်း ကျေးရွာတွေမှာမီးရဖို့ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်အတွင်း ကျေးရွာပေါင်း ၁၁၇ ရွာကို မီးပေးမယ်လို့ ပြည်ထောင်စုဝန်ကြီးက ဂတိပေးထားကြောင်း ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘိုးရယ်က ပြောပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘိုးရယ်က “ပြည်ထောင်စုဝန်ကြီးပြောသွားတာ (၁၁၇) ရွာကိုမီးလင်းအောင် လုပ်ပေးမယ်။ ဒါပေမဲ့ ဘယ်ရွာဘယ်ရွာဆို တိကျအောင်မပြောဘူး။ မပြောတော့ တစ်နှစ်ပြီးတစ်ပြီး နည်းနည်းတိုးသွားပေးမယ်လို့ အဲလိုတော့ ပြောသွားတယ်။ ဒါတော့ နိုင်ငံတော်ရရှိတဲ့ သူတို့ဝန်ကြီးဌာနပေါ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရရှိတဲ့ရံပုံငွေအပေါ်မှာလဲ တိုးချဲ့ပြီးမှလုပ်ပေးမှာပေါ့့။ ကယားပြည်နယ်ကိုလဲ မချန်ထားပါဘူး။ ဒါလည်း တစ်နှစ်ပြီးတစ်နှစ် လုပ်ပေးပါမယ်လို့ ကတိတစ်ခု ပေးခဲ့တယ်” လို့ ပြောပါတယ်။
ကယားပြည်နယ် လောပိတရေအားလျှပ်စစ်အမှတ် ၁ စက်ရုံမှာ မဂ္ဂါဝပ် ၂၈ ဓါတ်အားထုတ်လုပ်ပြီး အမှတ် ၂ စက်ရုံမှာ မဂ္ဂါဝပ် ၁၆၈ ထုတ်ပါတယ်။
ကယားပြည်နယ်မှ မဂ္ဂါဝပ်စုစုပေါင်း ၁၀၀ ကျော်ရှိထုတ်သည့်အနက် ပြည်နယ်အတွက် အနည်းငယ်မျှသာ သုံးစွဲခွင့်ရတဲ့အတွက်ကြောင့် ယခုလို မီးမရရှိနိုင်တာဖြစ်တယ်လို့ ပြည်နယ် လျှပ်စစ်ဝန်ကြီးဦးစောဟူးဟူးက ပြောပါတယ်။
ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးက “ကျနော်တို့ကယားပြည်နယ်မှာ လျှပ်စစ်က စက်ရုံ ၂ ရုံရှိတယ် ၁၀၀ မဂ္ဂါဝပ် ကျော်ကျော်ရှိတယ်။ တပြည်နယ်လုံးမှာမှ ကျနော်တို့သုံးတာကက ၁ မဂ္ဂါဝပ် လောက်ပဲသာ သာသုံးတာ ဒါကြောင့်မို့ မီးကိုသုံးစွဲမယ်ဆိုရင် ဘာမှမရှိပဲ ဓာတ်အားသုံးစွဲတဲ့ လူဦးရေပေါ်မူတည်ပြီးတော့မှ မီးကိုအပြည့်အဝထုတ်လုပ်ပေးဖို့တာဝန်ရှိတယ်” လို့ ပြောပါတယ်။