ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
မေး - စစ်တပ်တွင်း သူရဘွဲ့တွေ ချီးမြှင့်တဲ့ အခြေအနေ အရင်ပြောပေးပါဦး။
ဖြေ - ဒီလ ၈ ရက်နေ့ကပဲ ဗမာတပ်တွင်း ပြန်တမ်းတစ်စောင်အရ သူရဘွဲ့ ၃ ယောက် အပါအဝင် သူရဲကောင်း မှတ်တမ်းဝင်က ရ၈ ယောက် ၊ နောက်တစ်ခုက ဒုဗိုလ်ချုပ်ကြီး လှဌေး ၀င်းအပါအဝင် ဒုဗိုလ်ချုပ်ကြီးအဆင့် ၃ ဦးနဲ့ စုစုပေါင်း ၁၅၀၀ ကျော်ကိုတော့ တပ်မတော်သားကောင်းဆုတွေကို ပေးခဲ့တယ်လို့ သိရပါတယ်။
မေး - ဘယ်တပ်တွေပါပြီးတော့ ဘယ်လိုလူတွေကို ဆုတံဆိပ်တွေပေးခဲ့သလဲဆိုတာလည်း သိပါရစေ။
ဖြေ - ၉၉ ရာခိုင်နှုန်းက ကချင်စစ်မြေပြင်မှာတာဝန်ထမ်းဆောင်နေတဲ့ အစိုးရတပ်က စစ်မှုထမ်းတွေ တပ်မ ၈၈ ၊ တပ်မ ၉၉ သက်ဆိုင်ရာ မပခအောက်ကတပ်တွေကို ပေးခဲ့တယ်။
မေး - ဒီဆုတံဆိပ်တွေပေးခဲ့တာနဲ့ပတ်သက်ပြီး ထူးခြားမှုတွေရှိရင် သုံးသပ်ပေးပါအုံး။
ဖြေ - ထုံးတမ်းစဉ်လာမဟုတ်ပဲ ဒီလိုအချိန်မျိုးပေးတာကတော့ အကြောင်းအမျိုးမျိုးတော့ရှိပါတယ် ၊ ပုံမှန်အားဖြင့်တော့ ဇန်နဝါရီလ ၄ ရက်တို့ မတ်လ ၂၇ ရက်တို့ ဒီရက်တွေမှာပဲ ပေးခဲ့တာမျိုး တွေ့ရပါတယ်။ နောက်ဆုံးဒီ လိုင်ဇာမြို့ ထိုး စစ်ကြီးမှာ ဗမာအစိုးရတပ်က ကျဆုံးမှုက သိပ်များတယ်လေ အဲဒါနဲ့ပါတ်သက်လို့ တပ်က Morale သိပ်ထိခိုက်တယ်။
ဒါပေမဲ့ သေချာစဉ်းစားဖို့ကောင်းတာက ဒီတစ်လော တိုက်ပွဲမှာကျသွားတဲ့ တပ်မ ၁၀၁ က တပ်ရင်းမှူးတချို့ တပ်မ ၈၈ ကပဲ ခလရ ၁၀ ကတပ်ရင်းမှူး အဲလိုလူမျိုးတွေကျတော့ တစ်ယောက်မှ ပါမလာဘူး၊ အနည်းဆုံး ဒီတိုက်ပွဲတွေအတွင်းမှာ တပ်ရင်းမှူးတွေ ဒုရင်းမှူးတွေ သေကျေသွားတာ အများကြီးရှိတယ်။ အဲဒီလူတွေမပါဘဲနဲ့ သက်ရှိထင်ရှားရှိတဲ့လူတွေကိုပဲ ရွေး ပေးတာကတော့ ထူးခြားပါတယ်။
မေး - ဆုတံဆိပ်တွေပေးတဲ့အပေါ် အကျိုးရလဒ်က ဘယ်လိုရှိနိုင်သလဲ။
ဖြေ - ပြည်ထောင်စုနေ့နားမှာ ဒီလိုလုပ်တဲ့ကိစ္စက ကိုယ့်ပြည်ထောင်စုသားချင်း တိုက်ကြတဲ့တိုက်ပွဲမှာ ဒီလိုဆုတွေ လာဘ် တွေ ပေးတယ်ဆိုတာ သိပ်ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေရှိမယ်လို့တော့ မထင်ဘူး ကာလုံက သူ့တပ် ကျေနပ်ရေး လောက်လုပ်တာ ဖြစ်တယ်။အခုလုပ်ရပ်က မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ဆိုတာ သိပ်ရှင်းတယ်၊ ပြဿနာပေါင်းစုံရှိသေးတယ် သမ္မတကြီး အမိန့်နာ ခံပြီး စစ်မတိုက်ဘူးဆိုတဲ့လူတွေထောင်ထဲထည့်ထားတာ ကျဆုံးသွားတဲ့သူတွေရဲ့ မိသားစုတွေကိုရော ဘယ်လိုဖြေရှင်း ပေးမလဲ ဆိုတဲ့ ပြဿနာတွေပေါ့။
ကချင်စစ်ပွဲအတွင်းမှာ ဗမာစစ်တပ်က တပ်သားဦးရေ ၅ ထောင်ကျော်လောက် သေဆုံးဒဏ်ရာရတယ်လို့ အနောက်နိုင်ငံ သတင်းဋ္ဌာနတွေက ခန့်မှန်းတယ်၊ အဲလိုသေခဲ့တယ်ဆိုရင် သူတို့နဲ့နွယ်နေတဲ့ မိသားစုဟာ အနည်းဆုံး လူ ၄ ၊ ၅ သောင်းရှိနေမယ်။ ဒီမိသားစုတွေအတွက် စားဝတ်နေရေးဘယ်လိုဖြေရှင်းပေးကြမလဲ ဒီကိစ္စကို အများမြင်သာအောင် ဖေါ်ပြရမယ်။
ဒါတစ်ဘက်ကိုပဲ ပြောနေတာ ကေအိုင်အေဘက်ကမပါသေးဘူး ကေအိုင်အေက သူ့ရဲ့တရားတဲ့ခုခံစစ်အတွက် ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့တာဖြစ်တယ်၊ အဲဒီလူတွေကိုရော ဘယ်လိုသတ်မှတ်မလဲ ကိုယ့်အချင်းချင်းကို မတန်တဆ လက်နက်တွေနဲ့ တိုက်ခိုက်သတ်ဖြတ်တာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမလား။
မေး - ခုဏကပြောသွားတဲ့အထဲမှာ စစ်မတိုက်လို့ ထောင်ချခံရတယ်လို့ ပြောသွားတော့ ဘယ်လိုဖြစ်တာလဲ ဆိုတာပြောပေးပါအုံး။
ဖြေ - ၂၀၁၁ ခုနှစ် ၁၁ လပိုင်း ၁၂ လပိုင်းမှာ သမ္မတကြီးက စစ်ရပ်ဖို့အမိန့်ပေးတဲ့နောက်ပိုင်းမှာ ဗန်းမော်မှာခလရ ၄၇ တပ်ရင်းက ဗိုလ်မှူးမျိုးထွန်းခိုင်ပေါ့နော် သူဦးစီးတဲ့တပ်ခွဲက သိပ်နာတဲ့အခါ သူကနေပြီးတော့ တပ်ရင်းမှူးကို ကျနော်တို့ တပ်ကထွက်ပါရစေတော့ အချင်းချင်းပစ်ခတ်နေကြတာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး၊ ကျနော်တို့ရဲဘော်တွေလည်း ကျလာပြီ ကျနော်တို့တော့မတိုက်ပါရစေနဲ့ဆိုပြီး တပ်ရင်းမှူးကိုတင်တယ်၊ တပ်ရင်းမှူးကလည်း မင်းတို့တောင် မတိုက်တော့ရင် ငါလည်းဘာလို့တိုက်မှာလည်း သူပါရောပြီးထွက်စာတင်တယ် ။
အဲဒါကို ကစထမှူးညီစိုးက မှတ်လောက်သားလောက်အောင် အရေးယူမယ်ဆိုပြီးတော့ တပ်ရင်းမှူးကို ၂၅ နှစ် တပ်ခွဲမှူးကို ထောင်ဒဏ်နှစ် ၂၀ ကျန်အရာရှိ ၄ ၊ ၅ ယောက်ကလည်း အလားတူ နှစ် ၂၀ စီကျတယ် ကျန်တဲ့ Other rank တွေကို ၁၅ နှစ် ၁၀ နှစ်စီချထားတယ် စုစုပေါင်း ၂၀ ကျော်လောက်ရှိတယ်၊ ခမရ ၄၂၈ ကလည်း အလားတူဖြစ်တယ်၊ တပ်ရင်းမှူး တွေကို ဗန်းမော်အရပ်ထောင်မှာပဲ ထောင်ချထားတယ်။
အဲတော့သူတို့ကျတော့ကော သမ္မတရဲ့အမိန့်ကို နာခံပြီး ဒီစစ်ပွဲကြီးမှာ ဘယ်သူကိုမှ မသေစေချင်လို့ မတိုက်တော့တာကို ဘာဖြစ်လို့အရေးယူတာလဲ၊ ဒါကတစ်ဘက်ပေါ့၊ တစ်ခုလုံးခြုံပြောမယ်ဆိုရင် ဒီနေ့ဒီအချိန်မှာ ဒီဆုကိုပေးတယ်ဆိုတာ မီးစတဖက် ရေမှုတ်တစ်ဖက်လို့ ပြောရမှာပဲ တစ်ဘက်ကလည်း မြှောက်ပေးတယ်၊ တစ်ဘက်ကလည်း ငြိမ်းချမ်းရေး စကားတွေ ပြောနေတယ်။
မေး - ကချင်စစ်ပွဲနဲ့ ပတ်သက်လို့ အစိုးရတပ်က ဘာလုပ်သင့်တယ်လို့ ထင်သလဲဗျ။
ဖြေ - ကျနော်အမြင်ကတော့ အဲဒါတွေကို လုပ်မဲ့အစား ကိုယ့်တပ်မတော်ကို ကောင်းစေချင်ရင် ဒီစစ်ပွဲကိုကောင်းကောင်း နိဂုံးချုပ်ပါ စစ်ပွဲကိုနိဂုံးချုပ်မှ နောင်ဒေသရန်ကိုကာကွယ်တဲ့အခါမှာ ဘယ်လိုတိုက်မလဲဆိုတာဖြစ်လာမယ်။
ဒါကြောင့်မို့ ဒီစစ်ပွဲကိုရပ်ဆဲပြီး တကယ့်ခိုင်မာတဲ့ ငြိမ်းချမ်းရေးရဖို့ဆို တိုင်းရင်းသားသွေးစည်းညီညွတ်ရေးရဲ့ အခြေခံက တန်းတူရေး ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရေးဆိုတဲ့ ဖက်ဒရယ်မူရဲ့ အခြေခံတွေကိုဆုတ်ကိုင်ပြီးဆွေးနွေးကြမှသာလျှင် ကျနော် တို့တိုင်းပြည်ရဲ့အနာဂတ် လှပလာလိမ့်မယ်။
မေး - နောက်ဆုံးတစ်ခုပေါ့နော် စစ်တပ်နဲ့ပတ်သက်လို့ ဦးအောင်ကျော်ဇော အနေနဲ့ ဘာများ ထပ်ပြောစရာရှိ ပါသလဲ။
ဖြေ - ဒီနေ့ ဘာဖေါ်ပြနေသလဲဆိုရင် ဥပဒေရဲ့အထက်မှာ စစ်တပ်ရှိတယ်၊ လွတ်တော်နဲ့ အစိုးရရဲ့အထက်မှာ တပ်ရှိတယ်၊ သူများတွေပြောသလို ပြုပြင်ပြောင်းလဲရေး ဘယ်လောက်အဝေးကြီးရောက်ပြီလဲလို့ မေးရင် နောက်လှည့်ကြည့်လဲ ဒီနေရာပဲ ရှေ့တိုးကြည့်လည်း ဒီနေရာပဲ။
တကယ်တမ်း တိုင်းပြည်အနာဂတ်ကောင်းစေချင်တယ်ဆိုရင် ပရော့ဖက်ရှင်နယ် စစ်တပ်ဖြစ်ချင်တယ်ဆိုရင် စစ်တပ်ရဲ့ Mind ကိုပြင်ရမယ်၊ အဲဒါကို ပြင်ရင် လွတ်တော်ထဲမှာရှိတဲ့ စစ်ဗိုလ်ဟောင်းတွေ တပ်ထဲမှာရှိတဲ့ စစ်ဗိုလ်တွေ သူတို့ အတွေး အခေါ်ပြင် သူတို့မပြင်သမျှတော့တပ်က ပြောင်းမှာမဟုတ်ဘူး၊ တပ်ကို မပြင်နိုင်ရင် ကျနော်တို့ ခြေလှမ်း ၁၀ လှမ်းလှမ်းပြီးရင် ခြေလှမ်း ၁၀ လှမ်းပြန်ဆုတ်တာကို မြင်ရမှာပဲ။