ရေမဆေးကျောက် ကောက်နေသူများအား အစိုးရတပ်မှ မောင်းထုတ်နေ

ရေမဆေးကျောက် ကောက်နေသူများအား အစိုးရတပ်မှ မောင်းထုတ်နေ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော် ဒေသတွင် ကျောက်စိမ်းရိုင်း (ရေမဆေးကျောက်) ကောက်နေသည့် အရပ်သား ပြည်သူများကို မြန်မာအစိုးရတပ်ဖွဲ့များက အဓ္ဓမမောင်းထုတ်နေကြောင်း သိရသည်။

နေပြည်တော် အခြေစိုက် လုံထိန်းရဲတပ်ဖွဲ့များနှင့် အစိုးရ စစ်တပ်တို့ ပူးပေါင်း၍ ရေမဆေး ကောက်သူများနှင့် ကျောက်စိမ်းတူးနေသော ပြည်သူလူထုများကို ကျောက်စိမ်းမှော်များမှ ပြန်သွားရန် အသံချဲ့စက်များဖြင့် ပြောနေကြောင်း ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

“ပြန်ကြတော့ မမြင်ချင်ဘူးဆိုပြီး မှော်တွေမှာ လိုက်ပြီးမောင်းထုတ်ကြတယ်။ မှော်ထဲမှာ ကျောက်စိမ်းတူး ကျောက်စိမ်းရှာတာတွေ မတွေ့ချင်ဘူးတဲ့။ အဲဒါကြောင့် အားလုံးမြန်မြန်ဖယ်ကြ ဆိုပြီးပြောတယ်။”

ဇန်နဝါရီလမှ စတင်၍ ယခုကဲ့သို့ မောင်းထုတ်နေခြင်းဖြစ်သော်လည်း ပြည်သူလုထုများက ၎င်းတို့၏ ၀မ်းရေးအတွက် ဆက်လက်ရှာဖွေ တူးဖော်နေကြကြောင်းနှင့် မလိုက်နာသူများကို အစိုးရတပ်မှ ဖမ်းဆီး အရေးယူမှုများပြုလုပ်နေကြောင်း သိရသည်။

ထို့အပြင် ဖားကန့် မော်ဆီဆာ၊ ကသေမှော်၊ မာဆာမှော် စသည့် နေရာများတွင်လည်း စွန့်ပစ်ကျောက်စိမ်း အရိုင်းတုံး ကောက်နေသော (ရေမဆေးသမား) ပြည်သူများကို အစိုးရတပ်ဖွဲ့များမှ ရမ်းတန်းပစ်ခတ်နေကြောင်း ဖါးကန့်အခြေစိုက် ကချင်ပြည်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၆ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဇော်ဒွဲက ပြောသည်။

“ရေမဆေးကောက်တဲ့လူတွေကို လိုက်ပစ်နေတာ။ သူတို့က ကျင်းတွေမှာ လူရှိတာတွေ့ရင်လိုက်ပစ်တယ်။ ခြောက်လန့်ပစ်တာလား ဘာလားတော့ မသိဘူး။ ထိအောင်ပစ်တယ်ဆိုတာတော့ မကြားသေးဘူး။” ဟု KNG ကချင်သတင်းဌာနသို့ ပြောသည်။

ကျောက်စိမ်းကုမ္ပဏီများက ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ထံ အခွန်ပေးဆောင်၍ တူးဖော်နေ သော်လည်း ယမန်နှစ် မေလမှ စ၍ တူးဖော်မှုများ ရပ်ဆိုင်းထားရန် KIO က အမိန့်ထုတ်ပြန်ခဲ့ရာ ကုမ္ပဏီများက လုပ်ငန်း ရပ်ဆိုင်းခဲ့ရသည်။ သို့သော် ကုမ္ပဏီများမှ ရပ်ဆိုင်းလိုက်သည့် လက်ကျန် ကျင်းဟောင်းနေရာများတွင် ပြည်သူလူထုအား KIO က ပြန်လည် တူးဖော်ခွင့် ပြုခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ(၁၉) ရက်နေ့က KIO ဌာနချုပ် လဂျားယန်ဒေသတဝိုက် ပစ်ခတ်မှု မပြုလုပ်ရန် အစိုးရက ကြေညာချက် ထုတ်ပြန်လိုက်သော်လည်း ဖားကန့် ဒေသသို့ အစိုးရတပ်အင်အားများ တိုးချလာပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ KIA တပ်မဟာ (၂)၊ လက်အောက်ခံ တပ်ရင်း (၆) တပ်စခန်း တခုအား အစိုးရက သိမ်းပိုက်ခဲ့သည်။

ယင်းသို့ သိမ်းပိုက်လိုက်ပြီးနောက် ကျောက်စိမ်းမှော်မှ ပြည်သူများကို နေပြည်တော်မှ သီးသန့် လုံထိန်းရဲများက ယခုလို လာရောက် မောင်းထုတ်နေခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံများကပြောသည်။

Most read this week