၂၀၁၃ ခုနှစ် ၆၅ ကြိမ်မြောက် ချင်းအမျိုး သားနေ့့ကို ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ကျင်းပရန်ရှိပြီး ချင်းအမျိုးသားတပ်ဦး CNF နှင့် ချင်းပြည်နယ်အစိုးရတို့က ဦးဆောင် သွားကြမည်ဟု သိရသည်။
ချင်းအမျိုးသားနေ့ ဖြစ်မြောက်ရေး အကြိုဆွေးနွေးပွဲအား ယခုလ ၆ ရက်နေ့က ပြုလုပ်ခဲ့ရာ ငွေကျပ် သိန်း ၁၃၀ ခန့် ကုန်ကျနိုင်ကြောင်း ခန့်မှန်းထားပြီး ယင်းကုန်ကျငွေအား နှစ်ဖက် တဝက်စီ ကျခံရန် ညှိနှိုင်းထားကြကြောင်း သိရသည်။
အခမ်းအနားသို့ ချင်းအမျိုးသားတပ်ဦး ထိပ်သီး ခေါင်းဆောင်များ ဖြစ်ကြသည့် Pu Lian Uk, Dr. Za Hlei Thang နှင့် အခြားခေါင်းဆောင်များပါ၀င် ကြမည် ဖြစ်ပြီး ပြည်ထောင်စု အစိုးရဖက်မှ ဒုတိယ သမ္မတတဦး အပါအဝင် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနှင့် ဦးဝင်းထွန်းတို့ တက်ရောက်မည်ဟု သတင်းရရှိသည်။
“ဒါတင်မကပဲ၊ ငြိမ်းချမ်းရေးအတွက် ကူညီပ့ံပိုးကြတဲ့ ပြည်ပ အဲန်ဂျီအိုများ ပါ၀င်နိုင်ဖို့လည်း စီစဉ်နေတယ်” ဟု စီအဲန် အက်ဖ် ခေါင်းဆောင်တဦး က ပြောသည်။
ထို့အပြင် နိုင်ငံကျော် ချင်းအဆိုရှင်များ အပါအဝင် တဖက် မီဇိုရမ်ပြည်နယ်မှ အဆိုရှင်များက ရိုးရာ တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြမည်ဟု သိရပြီး အခမ်းအနားကို Sky net TV ရုပ်သံလိုင်းမှ ထုတ်လွှင့်နိုင်ရန် ပြည်နယ်အစိုးရက ပြင်ဆင်ထားကြောင်း သိရသည်။
အခမ်းအနားကို ဟားခါးမြို့ ၀မ္မသူးမောင်း အားကစားကွင်းတွင်ကျင်းပကြမည်ဖြစ်ပြီး ချင်းရိုးရာ နပမ်းသတ်၊ ဘော်လီဘော၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ ရိုးရာ ၀တ်စားဆင်ယင်မှု နှင့် ရိုးရာ Khuang Cawi ပွဲများ ပါ၀င်မည်ဖြစ်သည်။