ကရင်ပြည်နယ်၊ ဘုရားသုံးမြို့အခြေစိုက် ကရင်အမျိုးသား အစည်းအရုံး-KNU ၏ လက်ရှိ ဆက်ဆံရေးရုံးနေရာကို တစ်ဆထပ်မံ တိုးချဲ့ပေးရန် ကရင်ပြည်နယ်စပ်ရေးရာ လုံခြံုရေး ၀န်ကြီး ဗိုလ်မှူးကြီး အောင်လွင်အား ဖေဖော်ဝါရီလ ရ ရက်နေ့၌ တောင်းဆိုခဲ့သည်။
အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင်အဖွဲ့များ၊ မြို့နယ်ရှိ အစိုးရဌာနဆိုင် ရာများ၊ လူမှုအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများနှင့် ဗိုလ်မှူးကြီး အောင်လွင်တို့ ဘုရားသုံးဆူမြို့နယ်ရုံး၌ ယမန်နေ့က တွေ့ဆုံခဲ့ရာ KNU ဆက်ဆံရေးရုံးတာဝန်ခံ စောဆာမူထောက ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
“အခု ရုံးစိုက်တဲ့မြေနေရာက နည်းနည်းကျဉ်းတယ်။ ပေ ၆၀-၈၀ ပဲ ရှိတယ်။ ဒါကြောင့် လက်ရှိ မြေအကျယ် အဝန်းထက် နောက်ထပ် တစ်ဆလောက်ထပ်ပြီး မြေနေ ရာပေးဖို့ တောင်းဆိုထားတာပါ” ဟု စောဆာမူထောက ကေအိုင်စီသို့ ပြောသည်။
ယင်းတောင်းဆိုမှုအပေါ် တွေ့ဆုံဆွေးနွေးပွဲတွင် ပါ၀င်သည့် နယ်စပ်ရေးရာ ဒုဝန်ကြီး ဦးဇင်ယော်မှ အသိအမှတ်ပြု လက်ခံ၍ ရေးမှတ်ထားပြီး ရှေ့ဆက် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ကြောင်း စောဆာမူထောက ဆက်လက် ပြောဆိုသည်။
ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ၎င်းတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသော၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန်နှင့် နယ်မြေတည် ငြိမ်အေးချမ်းအောင် အားလုံးဝိုင်းဝန်း လုပ်ဆောင်ကြရန် လိုအပ်ကြောင်း ဗိုလ်မှူးကြီး အောင်လွင်က တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရသည်။
ယမန်နေ့ တွေ့ဆုံမှု၌ အစိုးရဘက်မှ ဗိုလ်မှူးကြီးအောင်လွင်က ဦးဆောင်၍ နယ်စပ်ရေးရာ ဒုဝန်ကြီး ဦးဇင်ယော်၊ ပြည်နယ်အစိုးရဝန်ကြီး ဦးမျိုးအောင်ဌေး၊ ကြာအင်းဆိပ်ကြီးမြို့နယ် ရဲမှူးဦးအေးကျော်နှင့် အစိုးရ ဌာနဆိုင်ရာများ ပါ၀င်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဘက်တွင် KNU ဘုရားသုံးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ စောဆာမူထောအပါအဝင် ဟောင်သရော ကရင်ငြိမ်ချမ်းရေးအဖွဲ့၊ မွန်ပြည်သစ်ပါတီ စသည်တို့မှ တာဝန်ရှိပုဂ္ဂိုလ် စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
ဗိုလ်မှူးကြီးအောင်လွင်သည် ယခုလ ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း မြဝတီမြို့တွင် KNU၊ DKBA၊ KNU/ KNLA တို့မှ တာဝန်ရှိသူအချို့နှင့် တွေ့ဆုံခဲ့သေးသည်။