တရားမဝင်သေးသည့် လမ်းများ အသုံးမပြုဖို့ ဆက်ဆံရေးရုံး သတိပေး

တရားမဝင်သေးသည့် လမ်းများ အသုံးမပြုဖို့ ဆက်ဆံရေးရုံး သတိပေး
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်နဲ့ နယ်ချင်းစပ်နေတဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဒေသက နယ်စပ်လမ်းတွေဟာ တရားဝင် ဖွင့်လှစ်ထားခြင်း မရှိသေးတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ ဖြတ်သန်းသွားလာမှု မပြုလုပ်သင့်သေးကြောင်း ကရင်နီဆက်ဆံရေးရုံးက ပြောပါတယ်။

မြန်မာအစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အကြား အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားခဲ့ကြပေမဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရန် နှစ်ဦးနှစ်ဘက်မှ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာနေချိန်မှာ တရားမဝင်နယ်စပ် ဖြတ်သန်းသွားလာမှုများ ရှိနေတဲ့အတွက် ယခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ကျနော်တို့ မပေးသွားသေးတာက တရားဝင်မဟုတ်သေးလို့ မပေးသွားသေးတာပါ။ အများစုသာ ပြန်မယ်ဆိုရင် ပြသာနာတွေ တက်နိုင်တယ်။ ဗမာ(မြန်မာအစိုးရ)က နင်တို့ကို ဘာမှမပြောဘူးပဲ ဆိုပြီးတော့ နေလို့ရပြီပဲ ပြန်ကြတော့လို့ ပြောရင် ထိခိုက်မှာစိုးလို့ လမ်းကိုတရားဝင် မဖွင့်သေးတာပါ။ ကျနော်တို့တောင်မှ ခိုးသွားရတယ် တရားဝင်မဟုတ်ဘူး တကယ့်တာဝန်ရှိသူမှ သွားရတာပါ” လို့ လွိုင်ကော်မြို့ရှိ KNPP ဆက်ဆံရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ခူဒယ်နီယာက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၉၉၅ ခုနှစ် မြန်မာစစ်အစိုးရနဲ့ အပစ်ခတ် ရပ်စဲရေးပြုလုပ်ချိန်က ကယားပြည်နယ်နဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဒေသ နယ်စပ်အမှတ်(၈)၊ (၉)၊ (၁၀)၊ (၁၁)၊ (၁၃)နဲ့ အမှတ် (၁၄) လမ်းများ ဖွင့်လှစ်နိုင်ခဲ့ပေမဲ့ သုံးလအကြာမှာ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်သွားခဲ့တဲ့အတွက် KNPP ထိမ်းချုပ်တဲ့ နယ်စပ်လမ်းအချို့ ယနေ့ထိ ပိတ်ထားခဲ့ရပါတယ်။

KNPP ထိမ်းချုပ်မှုအောက်မှာမရှိတဲ့ နယ်စပ်အမှတ်(၁၀)၊ (၁၃)နဲ့ (၁၄)ကတော့ နှစ်ဘက်နယ်စပ်မှာ နေထိုင်နေ ကြတဲ့ဒေသခံများ အတွက် နှစ်ဘက်အာဏာပိုင်တို့ရဲ့  ကြီးကြပ်မှုအောက်မှာ ဖြတ်သန်းသွားလာခွင့် အနည်းငယ်ပေးထားတယ်လို့  ဒေသခံတွေက ဆိုပါတယ်။

“လမ်းကပိတ်ထားပေမယ့် စျေးသည်တွေကိုတော့ ခဏတဖြုတ် နားလည်မှုနဲ့ လက်မှတ်တွေထိုးခိုင်းပြီး တပတ်ဆယ်ရက် သွားခွင့်ပေးပါတယ်။ နည်းနည်းပါးပါးတော့ အိတ်တွေဘာတွေ ဖွင့်ကြည့်တာပေါ့ ..ကျန်တဲ့ဟာတော့ အခက်အခဲသိပ်မရှိိပါဘူး။ အစစ်အဆေးတော့ သိပ်မရှိပါဘူး။ အဖွဲ့အစည်းဂိတ်ကနေ ထောက်ခံချက် လက်မှတ်တွေ ယူရတယ်” လို့ နယ်စပ်အမှတ်(၁၀) ကိုဖြတ်သန်းသွားလာလေ့ရှိတဲ့ စျေးသည်တဦးက ပြောပါတယ်။

အစိုးရနဲ့ KNPP အကြားနိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ တိုးတက်မှုရှိလာမယ်ဆိုရင် ပိတ်ထားတဲ့ နယ်စပ်လမ်းတွေ တရားဝင်ပွင့်လာနိုင်ပါတယ်။ ယခုလောလောဆယ် ပိတ်ထားတယ်ဆိုတဲ့ လမ်းတွေမှာ KNPP က တာဝန်ရှိသူတွေကလွဲလို့ သာမာန်ပြည်သူတွေအနေနဲ့ သွားလာလို့မရဘူးလို့ ခူဒယ်နီယာက ပြောပါတယ်။

သူက ‘ငြိမ်းချမ်းရေးဆွေးနွေးပွဲ မပြီးသေးလို့ သူ(ထိုင်းအာဏာပိုင်)တို့ခွင့်ပြုထားတာပါ။ အကယ်၍ ပြီးမယ်ဆိုရင် ရွာသူရွာသားတွေအားလုံးကို သူတို့ ပိတ်မယ်’လို့ ပြောသွားပါတယ်။

Most read this week