UWSA ဆောက်မည့် ရေကာတာ စီမံကိန်းအပေါ် ထိုင်းနိုင်ငံစိုးရိမ်မှုရှိ

UWSA ဆောက်မည့် ရေကာတာ စီမံကိန်းအပေါ် ထိုင်းနိုင်ငံစိုးရိမ်မှုရှိ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း  မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းကုတ်ကျောက်မီးသွေး တူးဖော်ရေးနှင့် ၀ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA တောင်ပိုင်း ဌာနချုပ် ဝမ့်ဟုန့်အနီး လွယ်ပုံတောင်းတွင် ဆောက်လုပ်မည့် ရေကာတာ စီမံကိန်းအပေါ် ထိုင်းလူမှုအသိုင်းအဝိုင်းမှ စိုးရိမ်ပူပန်မှုရှိနေကြောင်း သိရသည်။

ရေကာတာစီမံကိန်းနေရာပြမြေပုံ

“ရေကာတာကြီးဆောက်လိုက်မယ်ဆိုရင် နမ့်ကုတ်ချောင်းဟာ မကြာခင် မဲခေါင်မြစ်လိုမျိုးဖြစ်သွား မှာကို မြင်ယောင် နေမိတယ်။ နွေဆိုရင်လဲ လှေအသွားအလာ မရလောက်အောင် ရေခန်းတယ်။ တရုတ်နိုင်ငံဘက်က ရေကာတာ ဆောက်ပြီး ကတည်းက ဒီနေ့အထိ အဲဒီမြစ်တလျှောက် နေထိုင်တဲ့လူထုက အခက်အခဲတွေကြုံနေရတာလေ” ဟု ရွှေတြိဂံ ဒေသနေ ထိုင်းကုန်သည်တဦးကပြောသည်။

အဆိုပါ ရေကာတာ တည်ဆောက်ပြီးစီးခဲ့ပါက ထိုင်းနိုင်ငံဘက်ခြမ်း ချင်းမိုင်ခရိုင် နှင့်ချင်းရိုင်းခရိုင်အတွင်းရှိ နမ့်ကုတ် ချောင်းဖြတ်သန်းသည့် မြို့နယ် ၃ ခုမှ ရွာပေါင်း ၁၀၀ ကျော် မိသားစု ၁၃,၀၀၀ ၊ လယ်မြေ ဧက ၄ သောင်းကျော်အား ဆိုးကျိုးဖြစ်စေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းများလည်း ထိခိုက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ သဘာဝ ပတ်ဝန်းကျင် နှင့်စပ်လျဉ်း၍ ကျွမ်းကျင်သည့်  အရာရှိတစ်ဦးကပြောသည်။

မိုင်းဆတ်-တာချီလိတ်လမ်း၏ အရှေ့တောင်ဘက်၊ ထိုင်း-မြန်မာနယ်စပ်နှင့် ၃၀ ကီလိုမီတာခန့်ဝေး သော လွယ်ပုံတောင်း ဒေသ၌ နမ့်ကုတ်ချောင်းရေကာတာအား UWSA မှ တည်ဆောက်မည်ဖြစ်ကြောင်း၊ နမ့်ကုတ်ချောင်း ရေကာတာစီမံကိန်း တည်ဆောက်မည့်နေရာတွင် ဘေးနှစ်ဘက်ရှိ တောင်များ၏ အမြင့်မှာ မီတာ ၈၀ ခန့်ရှိ ကြောင်း၊ အဆိုပါတောင်နှစ်လုံးကြား မီတာ ၁၅၀ မှ ၂၀၀ အကြား ကွာဝေးပြီး နမ့်ကုတ်ချောင်း၏ အကျယ်မှာ ၁၅ မီတာနှင့် မီတာ ၂၀ ကြား၌ရှိကြောင်း၊ ယခုလောလောဆယ် ရေကာတာ တည်ဆောက်ရန်အတွက် တရုတ်နိုင်ငံမှ အင်္ဂျင်နီယာ အယောက် ၅၀၀  ပါဝင်မည်ဖြစ်ကြောင်း၊ ရေကာတာ တည်ဆောက်ရေးအတွက် ကုန်ကျငွေ ထိုင်းဘတ်သန်းပေါင်း ၄၀၀ နှင့် ၅၀၀ ကြား လျာထားကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းက ပြောသည်။

ယမန်နှစ် ဒီဇင်ဘာလ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ မြို့တော်ပန်ဆန်းသို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီအဖွဲ့ခေါင်းဆောင် ဦးအောင်မင်း အလည်အပတ်ရောက်ရှိစဉ် ရေကာတာ၊ ဆည်ဆောက်မှု၊ တွင်းထွက် သတ္တုတူးဖော်မှုတို့ကို မိမိတို့ အစီအစဉ်ဖြင့်သာ လုပ်ဆောင်သွားရန် ခွင့်ပေးထားခဲ့သည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ ထိုင်းနိုင်ငံ မယ့်ဖှလုံခရိုင် မျက်နှာ ချင်းဆိုင်ရှိ မိုင်းကုတ်(ခေါ်) မိုင်းခုတ်ထွက်ကျောက်မီးသွေးကို ထိုင်းနိုင်ငံဆာရဘူရီကျောက်မီး သွေးကုမ္ပဏီက ၂၀၀၈ ဒီဇင်ဘာလ နှောင်းပိုင်း ကတည်းက တူးဖော်ထုတ်ယူခွင့် နှစ် ၃၀ ကန်ထရိုက် ရရှိထားသည်။

မိုင်းကုတ်ကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းကြီး အကောင်အထည်ဖော်နိုင်ပါက ဖုန်မှုန့် ၁၅၀၀ တန်၊ ပြဒါး ၁၀၂ ကီလို ဂရမ်၊ ဖန်လုံအိမ်ရှိဓာတ်ငွေ့ သန်းပေါင်း ၂၉ တန် ဒဏ်ကို ထိုင်း-မြန်မာနယ်စပ်ရှိ ဒေသခံ များ နှစ်စဉ် ခံရပြီး ဆာလဖာ ဒိုင်အောက်ဆိုဒ်နှင့် နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်တို့၏ ဖျက်ဆီးမှုဒဏ်ကြောင့် သဘာဝပတ်ဝန်းကျင်(အထူးသဖြင့် နမ့်ကုတ် ချောင်း)ကို ထိခိုက်ပျက်စီးစေနိုင်သဖြင့် ၂၀၁၁ ခုနှစ် ဇူလိုင်လက မိုင်းကုတ်ကျောက်မီးသွေး တူးဖော်ရေးစီမံကိန်းအား ထိုင်းနိုင်ငံမှ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆန့်ကျင်ဆန္ဒပြ ပြောဆိုသည်။

နမ့်ကုတ်ချောင်းသည် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မှမြစ်ဖျားခံ၍ မိုင်းဆတ်မြို့နယ် မိုင်းကုတ်(မိုင်းခုတ်)မြို့နယ်ခွဲ အတွင်း ဖြတ်သန်းကာ သျှမ်း ပြည်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ့်အိုင်းနှင့် ချင်းရိုင်းမြို့နယ်များအတွင်းသို့ ဆက်လက် စီးဆင်းပြီး မဲခေါင် မြစ်ထဲသို့ စီးဝင်သည်။

Most read this week