နမ့်ဆန်မြို့နယ်တွင် ကားလမ်း တိုးချဲ့ဖောက်လုပ်မှုကြောင့် ပလောင်လူထုနေအိမ်များ ဖျက်ဆီးခံရ

နမ့်ဆန်မြို့နယ်တွင် ကားလမ်း တိုးချဲ့ဖောက်လုပ်မှုကြောင့် ပလောင်လူထုနေအိမ်များ ဖျက်ဆီးခံရ
by -
ကေအိုင်စီ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်အတွင်းရှိ ဒေသဖွ့ံဖြိုးရေးအတွက် အောင်ဇမ္မူ သီဟ ကုမ္ပဏီနှင့် ရွှေဖူးကြော် ကုမ္ပဏီတို့မှ နွေရာသီ ကားလမ်းတိုးချဲ့မွမ်းမံမှုကြောင့် ပလောင် (တအာင်း)ဒေသခံလူထုများ၏ အိမ်နှင့် စိုက်ပျိုးခင်းအချို့ ဖျက်ဆီးခံရမှုများရှိသည်ဟု သိရှိရသည်။

နမ့်ဆန်ဒေသဖွ့ံဖြိုးရေးဟူ၍ မြန်မာအစိုးရမှ ၎င်းဒေသရှိ တအာင်းအမျိုးသားပါတီအား ဇန်နဝါရီလ အတွင်းက ဘဏ္ဍာငွေ ကျပ်သိန်းပေါင်း ၁ ထောင် ချပေးကာ ထိုမှတဆင့် တအာင်းအမျိုးသားပါတီသည် နွေရာသီ ကားလမ်းတိုးချဲ့ ဖောက်လုပ်ပေးရန် အောင်ဇမ္မူသီဟကုပဏီနှင့် ရွှေဖူးကြော်ကုမ္ပဏီတို့ကို ကျပ်ငွေ သိန်း ၉၅၀ ပေးကာ လုပ်ငန်းစတင်ပြီးနောက် နေအိမ်များ ထိုသို့ ဖျက်ဆီးခံရခြင်းဖြစ်သည်။

ကားလမ်းပြုပြင်ဖောက်လုပ်သည့် လုပ်ငန်းကို နမ့်ဆန်မြို့နယ်၊ ငွန်ဆိုင်း အထက်နှင့် အောက် မန်လွယ်၊ နမ့်လင်းအုပ်စုကျေးရွာများမှစ၍ နမ္မတူတံတားအထိ ပြုပြင်ဖောက် လုပ်ခဲ့ပြီး လမ်းကြောင်းတလျှောက် တွင် မိသားစု ရ စု၏ အိမ်များနှင့် စိုက်ပျိုးခင်းများ ထိခိုက်ပျက်စီးခဲ့ရသည်ဟု ၎င်းကိစ္စနှင့် ပတ်သက်၍ သတင်းအချက်အလက်စုဆောင်း ခဲ့သည့် တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး-TSYO က ပြောသည်။

TSYO မှ အတွင်းရေးမှူး လိုည်းလှားရိုင်းက “လမ်းလာဖောက်တဲ့ လမ်းတလျှောက်မှာဆိုရင် လမ်းနဲ့နီးပြီး နေထိုင်နေတဲ့ မိသားစုအိမ် ၃ အိမ်က လုံးဝကို ပြောင်းရွှေ့လိုက်ရတယ်။ ပြောင်းရွှေ့လိုက်ရတဲ့ မိသားစု တွေကတော့ သူတို့နဲ့ နီးစပ်တဲ့ ဆွေမျိုးအိမ်မှာ သွားနေရတယ်။ ကျန် ၄ အိမ်ကတော့ တခြမ်းဖျက်ဆီး လိုက်ပြီးတော့ ဒီလိုပဲ ပြန်လည်ပြုပြင်ရတဲ့ အနေအထားမှာ လူတွေက နေနေရတယ်။ နောက် စိုက်ခင်း အချို့လည်း စက်ကြီးနဲ့ ထိုးချလိုက်တော့ စိုက်ဖို့နေရာလည်း မရှိတော့ဘူး” ဟု ပြောသည်။

ထို့အပြင် ဖျက်ဆီးခြင်းခံရသော မိသားစုအိမ်များသည် စားဝတ်နေရေးခက်ခဲသည့်အပြင် ရွှေ့ပြောင်းနေ ရသည့် ပြဿနာများကြောင့် အခက်အခဲများစွာ ကြံုတွေ့နေရသော်လည်း ထိခိုက်နစ်ကြေး တစုံတရာ မရရှိသေးကြောင်း သိရသည်။

ဆက်လက်၍ ကားလမ်းတိုးချဲ့ဖောက်လုပ်ရာ၌ အိမ်ရွှေ့ပြောင်းခိုင်းခံရသည့် အိမ်ရှင်အမျိုးသမီးတစ်ဦး က “ကားလမ်းတိုးချဲ့ဖောက်ဖို့ ကျမတို့ အိမ်ကိုရွှေ့ပေးရမယ်လို့ ကျေးရွာကော်မတီကနေတဆင့် ပြော တယ်။ ကျမကိုယ်တိုင်က မိသားစုစားဝတ်နေရေးအတွက် အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်။ အိမ်ပြန် ဆောက်ဖို့ဆိုရင် အနည်းဆုံး ၄ နှစ်လောက်တောင် ဆောက်နိုင်မလား မသိဘူး။ ကျမလိုပဲ တခြား အိမ် ၃ အိမ်နဲ့ တချို့အိမ်တွေဆိုရင် တခြမ်းဖျက်ပစ်ရတာရှိတယ်” ဟု ပြောဆိုခဲ့မှုကို ယမန်နေ့က တအာင်းမြေဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုသို့ ကားလမ်းလာရောက်တိုးချဲ့ခဲ့ရာတွင် ထိခိုက်ဖျက်ဆီးခံရမှုများအတွက် ထိုက်တန်သည့် နစ်နာ ကြေးရရှိသွားရန် တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးသွားမည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး-TSYO က ဆိုသည်။

ယခု ပြုပြင်မွမ်းမံနေသည့် ကားလမ်းသည် ယခင်က ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်-PSLA မှ ဦးဆောင်ပြီး တအာင်းလူထုများနှင့် ကိုယ်ထူကိုယ်ထ ဖောက်လုပ်ခဲ့သည့် ကားလမ်းဟောင်း ဖြစ်ကြောင်း သိရသည်။

Most read this week