ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကာကွယ်ပေးရန် ဘန်ကောက်တွင် ဆွေးနွေး

ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကာကွယ်ပေးရန် ဘန်ကောက်တွင် ဆွေးနွေး
by -
ကေအိုင်စီ

အာဆီယံ နိုင်ငံများအတွင်း ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးများကို သက်ဆိုင်ရာ နိုင်ငံအလိုက် အစိုးရများမှ ကာကွယ်ပေးနိုင်ရန် လူထုအခြေပြု လူမှုအဖွဲ့အစည်းများ ဆွေးနွေးပွဲ တရပ်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ဘန်ကောက်မြို့တွင် ကျင်းပခဲ့ကြသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Silom လမ်းမရှိ Holiday Inn နေရာတွင် ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊  လာအို စသည့် နိုင်ငံများရှိ လူထုအခြေပြု အဖွဲ့အစည်း ၁၈ ခုမှ ကိုယ်စားလှယ် ၂၅ ဦးတို့က နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

၎င်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရောင်ခြည်ဦး အလုပ် သမား အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးမိုးဆွေက “အလုပ်သမားတွေရဲ့ အခြေခံ အခွင့် အရေးကို အစိုးရတွေက မြှင့်တင်ပေးမယ်။ ကာကွယ်ပေးမယ် ပြောပြီး တကယ်တမ်း မလုပ်ပေး ဘူး။ ဒါကြောင့် ကျနော်တို့က ပေးမယ့် အကြံပြုချက်တွေကို အစိုးရက ထိထိရောက်ရောက် လုပ်ပေးဖို့ တောင်းဆိုမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီးဆွေးနွေးကြတာပါ” ဟု ပြောသည်။

အဆိုပါ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ILO Triangle Project အဖွဲ့မှ ကူညီထောက်ပံ့ပေးပြီး အာအီယံ နိုင်ငံများအတွင်း လူ့အခွင့်အရေး ကိစ္စများနှင့် ပတ်သက်သည့် ဥပဒေရေးဆွဲရန် ဖွဲ့စည်းထားသည့် ASEAN TASK FORCE အဖွဲ့ဝင်များမှ ဦးဆောင်ဆွေးနွေး သွားခဲ့ကြောင်း သိရသည်။

ဦးမိုးဆွေက “အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး ASEAN TASK FORCE တွေ ဖွဲ့ထားပေးတယ်။ အာဆီယံထဲမှာရှိ တဲ့ CBOs နဲ့ NGOs တွေကနေပြီးတော့ လူ့အခွင့်အရေးတွေ၊ အလုပ်သမား အခွင့်အရေး တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဖြစ်စေချင်လဲဆိုတဲ့ ထောက်ခံချက်တွေနဲ့ အစိုးရတွေ ဆီရောက်အောင်ပို့ ပေးမယ်ဆိုပြီးလုပ်တာ ဖြစ်တယ်” ဟု ပြောသည်။

ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ အလုပ်သမား အဖွဲ့အစည်းများ မတက်ရောက်ခဲ့သော်လည်း ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား ကူညီပေးနေသည့် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်-FTUB၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလုပ်ငန်း ကော်မတီ-TACDB စသည့်အဖွဲ့  ၃ ဖွဲ့ တက်ရောက်ခဲ့ကြသည်။

ထို့အပြင် လာမယ့် ဧပြီလတွင် အာဆီယံ ၁၀ နိုင်ငံမှ အစိုးရများ တွေ့ဆုံဆွေးနွေးပွဲတခု ပြုလုပ်ရန် ရှိပြီး ယင်းဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများရှိ CBOs နှင့် NGOs တို့က ရွှေ့ပြောင်း အလုပ်သမား များ၏  အခွင့်အရေးနှင့် ပတ်သက်၍ ချမှတ်သင့်သည့် မူဝါဒများကို အကြံပြုကြရန် ယခု ဆွေးနွေးပွဲ၌ ထည့်သွင်း ပြောဆိုခဲ့သည်ဟုလည်း သိရသည်။

ASEAN TASK FORCE အဖွဲ့မှ ဦးဆောင်၍ အလားတူ တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်မှ စတင်ပြုလုပ်ခဲ့ရာ ယခု ၅ ကြိမ်မြောက် ရှိပြီဖြစ်သည်။

Most read this week