မော်လမြိုင်အခြေစိုက် သံလွင်လှိုင်းမဂ္ဂဇင်းထုတ်ဝေရန်စီစဉ်နေ

မော်လမြိုင်အခြေစိုက် သံလွင်လှိုင်းမဂ္ဂဇင်းထုတ်ဝေရန်စီစဉ်နေ
by -
မွန်အေဂျင်စီ

မွန်ပြည်နယ်၊ မော်လမြိုင်အခြေစိုက် သံလွင်တိုင်း(မ်)သတင်းဂျာနယ် ဝိုင်းတော်သားများ အနေဖြင့် လစဉ်ထုတ် သံလွင်လှိုင်းမဂ္ဂဇင်း တစ်စောင်ကိုလည်း ထုတ်ဝေရန် စီစဉ်နေကြောင်း အယ်ဒီတာအဖွဲ့ဝင် မင်းမင်းနွယ်က ပြောသည်။

သံလွင်တိုင်းမ်ဂျာနယ်(TLT)

မင်းမင်းနွယ်က “ကျနော်တို့ အဲမွန်မီဒီယာဂရုကနေ မဂ္ဂဇင်းထုတ်ဝေနိုင်ဖို့ လိုအပ်တဲ့အချက်အလက်တွေကို စာပေမှတ်ပုံတင်ရုံးက ပုဂ္ဂိုလ်တွေနဲ့ လာရောက်တိုင်ပင်နေပါတယ်၊ တိုင်းရင်းသား ဘာသာနဲ့လည်း မဂ္ဂဇင်း ထုတ်ဝေခွင့်ရတဲ့အတွက် မွန်မြန်မာ နှစ်ဘာသာ ထုတ်ဝေသွားမှာဖြစ်တယ်” ဟု ပြောသည်။

ထို့အတူ တစ်လနှစ်ကြိမ် ထုတ်ဝေလျှက်ရှိသော သံလွင်တိုင်း(မ်) ဂျာနယ်သည်လည်း မွန်ဘာသာ အချပ်ပို(၄) မျက်နှာတိုး၍ ထုတ်ဝေသွားမည်ဟုလည်း သိရသည်။

မင်းမင်းနွယ်က “ကျနော်တို့စာဖတ်ပရိသတ်က မွန်၊ ကရင်၊ တနင်္သာရီကို အဓိကထားတော့ သက်ဆိုင်တဲ့ တိုင်းရင်းသား ဘာသာတွေကိုလည်း အချပ်ပိုထည့်သွားဖို့ စဉ်းစားနေတယ်၊ ဥပမာကရင်စာပေ၊ ပအိုဝ်း စာပေတွေနဲ့ အချပ်ပိုထုတ်သွားဖို့ပေါ့” ဟု ပြောသည်။

ပြန်ကြားရေးဝန်ကြီး၏ထုတ်ပြန်ချက်အရ လာမည့်ဧပြီလ(၁) ရက်နေ့မှစ၍ နေ့စဉ်သတင်းစာများကို ပုဂ္ဂလိကများအား ထုတ်ဝေခွင့်ပြုသွားမည်ဖြစ်ရာ တိုင်းရင်းသားစာပေများကိုလည်း ထုတ်ဝေခွင့်ပြုသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၆၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့မှစတင်ကျင့်သုံးလာသော စာပေစိစစ်ရေးစနစ်ကို ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ ၂ဝ ရက်နေ့တွင် ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

သံလွင်တိုင်း(မ်)ဂျာနယ်ကို ၂၀၁၂ ခုနှစ်၊ မေလမှစတင်၍ တစ်လတစ်ကြိမ် ထုတ်ဝေခဲ့ပြီး နောက်ပိုင်းတွင် တစ်လနှစ်ကြိမ် ထုတ်ဝေလျှက်ရှိသည်။

ထို့အပြင် သံလွင်တိုင်း(မ်) ဂျာနယ်ကို တစ်ပတ်တစ်ကြိမ် ထုတ်ဝေရန် ကြိုးစားလျှက်ရှိပြီး ယခုအခါစောင်ရေ ၄၀ဝဝ နီးပါးဖြန့်ဝေလျှက်ရှိသည်ဟု သိရသည်။

သံလွင်လှိုင်း မဂ္ဂဇင်းတိုက်သို့ မွန်(သို့) မြန်မာ မိမိနှစ်သက်ရာဘာသာဖြင့် ရေးသားထားသော ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ သုံးသပ်ချက်၊ မူဝါဒရေးရာ၊ နိုင်ငံတကာရေးရာ၊ ဘာသာပြန်၊ ဝတ္ထုတိုများကို ယခုလ(ဖေဖော်ဝါရီလ) ၁၅ နောက်ဆုံးထားပြီး သံလွင်တိုင်းမ်ဂျာနယ်တိုက် အမှတ်(၄)စိုက်ပျိုးရေးဆိုင်ခန်း၊ မုဒုံကားဂိတ်ရှေ့၊ ဈေးကြိုရပ်၊ မော်လမြိုင်မြို့ သို့လည်းကောင်း၊ အီးမေလ်လိပ်စာ – [email protected] သို့လည်းကောင်း၊ ကြော်ငြာများထည့်သွင်းလိုပါက မင်းမင်းနွယ်၊ ဝ၉၄၉၂၂၆၀၅၀၊ ကိုဇော်၊ ဝ၉၇၃၇၉၀၄၁၇ သို့ ဆက်သွယ်နိုင်ပါကြောင်း သံလွင်တိုင်း Facebook စာမျက်နှာတွင် ရေးသားထားသည်။

Most read this week