ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ဋ္ဌာနချုပ် လိုင်ဇာမြို့အနီး KIA နှင့် အစိုးရတပ်တို့ အကြား ဖြစ်ပွားနေ သော တိုက်ပွဲများ ယခုလ ၂၆ ရက်နေ့ နောက်ပိုင်း ငြိမ်သက်စပြုလာသော်လည်း လိုင်ဇာအနီးတစ်ဝိုက်ရှိ အစိုးရတပ်များ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးကြောင်း သိရ သည် ။
ယမန်နှစ် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးရှိ စိုးမိုးကုန်းများအား အစိုးရတပ်မှ လေကြောင်းပစ်ကူ အပါအဝင် အင်အားအလုံးအရင်းဖြင့် စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာမှ နှစ်ဘက်တိုက် ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
ယခုအခါ လိုင်ဇာဒေသ စိုးမိုးကုန်းအားလုံးနီးပါးကို အစိုးရတပ်မှ သိမ်းပိုက်ရရှိခဲ့ကာ နှစ်ဘက် တိုက်ပွဲအရှိန်ကျသွား သော်လည်း ထိုးစစ်ဆင်နေသည့် အစိုးရတပ်များ ရုပ်သိမ်းခြင်း မရှိသေးသဖြင့် အခြေအနေမှာ သောင်မတင်ရေမကျ ဖြစ်နေကြောင်း ကျောင်းသား တပ်မတော်မှ တပ်မှူးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“မနေ့ကတော့ လဝါးယန်ဘက်မှာ နာရီဝက်လောက်ပစ်ကြတယ်။ ဒီနေ့သူတို့ဘက်က လျှောက်ပစ်နေတာက လွဲလို့ တိုက်ပွဲ မရှိဘူး။ ဒါပေမဲ့သူတို့တပ်တွေက မရုပ်သေးဘူး အလုံးအရင်းနဲ့ရှိနေတုန်းပဲ အခြေအနေက ခန့်မှန်းရခက်တယ် ။” ဟု သူက ဆိုသည် ။
အစိုးရတပ်မှ သိမ်းပိုက်ရရှိသွားသော ရ၇၁ ပွိုင့်ကုန်း၊ ဘွန်ရယ်ဘွန်၊ ခါရာဘွန်၊ အင်တပ်ဘွန်၊ လဂျားယန်၊ လဝါးယန်နှင့် ဖွန်းပျဉ်ဘွန် တောင်ကြောများတွင် အခိုင်အမာ တပ်စွဲထားကြောင်း သူက ဆက်ပြောသည် ။
“စိုးမိုးကုန်းတွေမှာလည်း နေရာယူထားတယ်။ နောက်တောင်ကြောတွေမှလည်းရှိနေတယ်။ အခုထိုးစစ်ဆင်တဲ့ တပ်အင်အား အတိုင်း ရှိနေတုန်းပဲ” ဟု ဆိုသည်။
တရုတ်နယ်စပ် စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း လိုင်ဇာဒေသအား ထိုးစစ်ဆင်ရာ တွင် အစိုးရဘက်မှ တပ်မ ၁၀၁၊ တပ်မ ၈၈၊ စကခ ၃ နှင့် စကခ ၂၁ စသည့် တပ်အများ အပြားပါ၀င်ခဲ့ကာ ၄င်းတပ်များ မရုပ်သေးကြောင်း ပြောသည် ။
“တပ်မ ၉၉ က တပ်မဟာ (၃) ဧရိယာထဲမှာ၊ တပ်မ ၃၃ က ပူတာအိုဘက်မှာ၊ နမခ ခေါင်းတစ်ခေါင်းက ဆွမ်ပရာဘွန် နားမှာ၊ ဖားကန့်ခွင်ထဲမှာလည်း နမခတပ်တွေပါတယ်။ စကခ ရ တို့ စကခ ၂ တို့လည်းပါတယ် တပ်မတွေထဲက တိုက်ခိုက်ရေးကောင်းတဲ့ တပ်တွေကို ဆွဲထုတ်ပြီးသုံးတာလည်း ရှိတယ်။ တပ်တွေကမဆုတ် သေးဘူး ထပ်တောင် တင်နေသေး တယ် ” ဟု သူက ဆိုသည်။
နှစ်ဘက်တိုက်ပွဲများ ဖြစ်နေသည့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတို့အကြား ဆွေးနွေးရေး ကိစ္စ သောင်မတင် ရေမကျ ဖြစ်နေချိန်တွင် သျှမ်းပြည် (မြောက်ပိုင်း) ပန်ဆန်း အခြေစိုက် UWSA (ခေါ်) ဝ အဖွဲ့က ၄င်းတို့ နယ်မြေ အတွင်း ဆွေးနွေးရန် KIO နှင့် အစိုးရတို့ကို လွန်ခဲ့သည့် တစ်ပတ်ခန့်က ဖိတ်ကြား ခဲ့ကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အစိုးရနှင့် KIO နှစ်ဖက်စလုံးက လက်ခံလိုက်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ သော်လည်း အသေးစိတ် အချက်အလက်များ မသိရသေးပါ။