မဲဆောက်မြို့နှင့် ၄၄ ကီလိုမီတာကွာဝေးသော ဖုတ်ဖရမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံသား ၁၅၀ ကျော်စုပေါင်း နေထိုင်သည့် ၀ါးတောဝင်း ကျေးရွာမှ အိမ်ခြေ ၄၂ အိမ်အား ဒေသခံထိုင်း အာဏာပိုင်များက ဖျက်ခိုင်းခဲ့သည်။
ဇန္နဝါရီလ ၁၄ ရက် နေ့လည် တစ်နာရီခန့်တွင် ဒေသခံအာဏာပိုင်များက နေထိုင်ခွင့် မရှိ ကြောင်းလာပြောပြီး ယနေ့နံနက်တွင် ဖျက်ခိုင်းခြင်းဖြစ်သည်ဟု ၀ါးတောဝင်းကျေးရွာရှိ ကျောင်းဆရာ ဦးထိုက်သူအောင်က ယခုလိုပြောသည်။
"သူတို့နေအိမ်တွေကို အကုန်လုံး လူမနေတဲ့အသွင် ပုံစံမျိုးဖြစ်အောင် သူတို့လုပ်ထားရတယ်၊ ဥပမာ-အမိုးတွေဖျက်ထားတယ်၊ အခင်းတွေဖျက်ထားတယ်၊ အကာတွေ အကုန်လုံးအိမ်တွေကို ရစရာ မရှိအောင် ကိုယ့်အိမ်ကို ကိုယ်ကိုယ်တိုင် ပြန်ဖျက်ခိုင်းထားခဲ့တယ်၊ ဖျက်ခိုင်းထားခဲ့ပြီး ရှိတဲ့လူတွေ ကလေးတွေ မိသားစုတွေအကုန်လုံးက မိမိရဲ့ပစ္စည်း တွေကိုယူပြီးတော့မှ တောထဲကို သွားရတယ်။"
တရားဥပဒေနှင့်မလွတ်ကင်းသည့် မည်သည့်အကြောင်းတစ်စုံတရာမှ မရှိကြောင်း ကိုလည်း ၎င်းက ဆက်ပြော သည်။
"ကျနော်တို့ လူကုန်ကူးမှုဆိုတာမျိုး ဥပမာ ကယ်ရီတို့ ဘာတို့လုပ်လို့ ဆိုတာမျိုးဆိုလည်း တမျိုးပေါ့ဗျာ၊ နောက်တစ်ခုက ကျနော်တို့မူးယစ်ဆေးဝါး ဆိုတာပြောရင်လည်း ကျနာ်တို့ အရက်ဆိုင်တောင် မရှိဘူးဗျာ၊ ၀င်းထဲမှာဘာရှိလဲဆိုတော့ ပိုက်ကျော်ခြင်းဝိုင်းကလေးတွေ အဲဒီလို အားကစား လုပ်ငန်း လောက်ပဲရှိတယ်"။
၎င်းဝင်းအတွင်း၌ IRC အဖွဲ့မှ ကူညီမှုဖြင့်ဆောက်လုပ်ထားသည့် စာသင်ကျောင်းနှင့် ဆေးပေးခန်း ရှိပြီး ၀င်း အတွင်းသို့ ခြံရှင်အပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ ၀င်ရောက်ခွင့်မရှိဟုလည်း ဆေးခန်းတာဝန်ခံ ဒေါ်ကရင်မ ကပြောသည်။
"အခုသူတို့ပြောတယ် ၀င်လို့မရဘူးတဲ့ မပေးဝင်ဘူး။ ၀င်လို့ရှိရင် ပစ်သတ်မယ်တဲ့။ ကျမတို့အဲဒီမှာ ဆေးခန်းမှာတော့ ဆေးတွေဘာတွေရှိတာ သွားသိမ်းမလို့ ကျမတို့ မရဲဘူး၊ နောက်ပြီး IRC က ပြောတာဓါတ်ပုံ သွားရိုက်ထားတဲ့ အဲတာကျမတို့လည်းဝင်မရိုက်ရဲဘူး"
နယ်ခြားစောင့်တပ်၊ ရဲ၊ နှင့် လူဝင်မှုကြီးကြပ်ရေး စသည့်အာဏာပိုင် အဖွဲ့အစည်းပေါင်းစုံ ပါ၀င်ပြီး စုစုပေါင်းလူအင်အား ၅၀ နှင့် ၁၀၀ ကြားတွင်ရှိနိုင်သည်ဟု ဆရာထိုက်သူအောင် ကပြောသည်။
ယခုအခါ အိမ်ခြေ ၄၂ အိမ်မှ လူ ၁၅၀ ကျော်သည် တောတောင်ထဲတွင် ပုန်းအောင်းနေကြ ရပြီး မူလတန်းနှင့် အလယ်တန်းကျောင်းသား ၄၀ ကျော်လည်းပါ၀င်သည်။
၂၀၀၈ ခု နှစ်ကုန်ပိုင်းလောက်တွင်ဖုတ်ဖရမြို့နယ်အတွင်းရှိ ၄၈ ကီလိုမီတာ(ခေါ်) စီစီပက်် ကျေးရွာတွင် ယခုလို အိမ်ခြေများ ဖျက်သိမ်းမှုဖြစ်ပေါ်ခဲ့သည်။