ကချင်ပြည်နယ်အတွင်း အစိုးရတပ်၏ ထိုးစစ်ဆင်မှုကို ချက်ချင်းရပ်တန့်ပေးရန် ထိုင်းနိုင်ငံရောက် ကချင်လူမျိုးများက ထိုင်းနိုင်ငံ၊ ချင်းမိုင်ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးနှင့် တရုတ် ကောင်စစ်ဝန် ရုံးရှေ့တို့တွင် သွားရောက်စုဝေး ဆန္ဒဖော်ထုတ် ခဲ့ကြသည်။
ယနေ့ မနက် ၉ နာရီခွဲမှစ၍ တရုတ်ကောင်စစ်ဝန်ရုံးရှေ့၌ မိနစ် ၂၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့ပြီး တဆက်တည်းတွင် အမေရိကန်ကောင်စစ်ဝန်ရုံးရှေ့သို့ သွားရောက်၍ ၁ နာရီခန့် ဆန္ဒထုတ်ဖော်ခဲ့ပြီး နေ့လည် ၁၁ နာရီခွဲ အချိန်ခန့်တွင် ဆန္ဒထုတ်ဖော်မှု အဆုံးသတ်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်ပါ၀င်သူ မဆိုင်းဇင်က “တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကောင်စစ်ဝန်ရုံးရှေ့မှာ ကျမတို့ ဆန္ဒဖော် ထုတ်ရာမှာ နိုင်ငံရေးကိစ္စကတော့ အတူတူပဲ တောင်းဆိုတယ်။ အခု ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ထိုးစစ်ကို ရပ်ဆိုင်းဖို့၊ နိုင်ငံ ရေးနည်းနဲ့ ဆွေးနွေးအဖြေရှာပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မြန်မာအစိုးရကို ဖိအားပေးကြဖို့ပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
သို့သော် တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြရာတွင် လက်ရှိ စစ်ပွဲအတွင်း ထွက်ပြေးခိုလှုံနေရသည့် ဒုက္ခသည်များကို တရုတ်အစိုးရမှ လူသားချင်း စာနာထောက်ထားရန် တောင်းဆိုခဲ့ကြောင်း သူမက ဆက်ပြောသည်။
“တရုတ်တွေနဲ့ နယ်မြေချင်းလည်း ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက်လုံးမှာ အတူတူနေထိုင်ခဲ့ကြတယ်။ အခုလို ကချင်လူမျိုး တွေ ဒုက္ခရောက်နေတဲ့အချိန်မှာ တရုတ်အစိုးရအနေနဲ့ အကူအညီပေးဖို့နဲ့ အခြားအကူအညီ ပေးမယ့်သူတွေကိုလည်း လွတ်လွတ် လပ်လပ်နဲ့ အကူအညီပေးနိုင်ခွင့် ပြုပေးစေချင်ပါတယ်” ဟု မဆိုင်းဇင်က ပြောဆိုသည်။
ယနေ့ ဆန္ဒထုတ်ဖော်တောင်းဆိုမှုတွင် ထိုင်းနိုင်ငံရောက် ကချင်လူမျိုးများသာမက အခြားတိုင်းရင်းသား များဖြစ်ကြသည့် သျှမ်း၊ ရခိုင်လူမျိုးများအပြင် အခြားစိတ်ဝင်စားသူ တရုတ်လူမျိုးများလည်း ပါ၀င်ခဲ့ကြကာ စုစုပေါင်း ဆန္ဒပြသူဦးရေ ၁၀၀ ကျော်ရှိ သည်ဟု သိရသည်။
ယင်းအဖွဲ့က လက်ရှိဖြစ်ပေါ်နေသော ထိုးစစ်ဆင်နေမှုများနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၅ ရက်နေ့စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာ အစိုးရစစ်တပ်မှ KIA အား ထိုးစစ်ဆင်ရာ၌ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ ကချင်အမျိုးသမီးများအား ဖမ်းဆီးမုဒိမ်း ကျင့်ခြင်း စသည့်ရာဇဝတ်မှုများကို ကျူးလွန် ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံရေးအရ စစ်မှန်သော ငြိမ်းချမ်းရေး အပါအဝင် တွေ့ဆုံဆွေးနွေးပွဲများ ပေါ်ထွန်းလာရေးအတွက် တရုတ်အစိုးရ အနေဖြင့် မြန်မာအစိုးရအား တိုက်တွန်းပေးရန်၊ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရသော ကချင်ဒုက္ခသည်များအား တရုတ်နိုင်ငံတွင် ခိုလှုံခွင့်ပေးရန်တို့အား တောင်းဆိုခဲ့သည်။ ဆက်လက်၍ ဒုက္ခသည်များကို ကူညီနိုင်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အပါ အဝင် ဒုက္ခသည်ကူညီရေး အဖွဲ့များအား တရုတ်နိုင်ငံအတွင်းရှိ လမ်းများကို အသုံးပြုခွင့်ပေးရန် စသည့်အချက် ၃ ချက်ကို တောင်းဆိုထားသည်။
ရန်ကုန်ရှိ အမေရိကန်သံရုံးမှလည်း ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲအပေါ် ပြင်းထန်စွာ ကန့်ကွက်ထားပြီး လူသားချင်းစာနာသော အကူအညီများကို အတားအဆီးမရှိ ၀င်ခွင့်ပြုရန်နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်း ရေးရရှိရန် KIA နှင့် အစိုးရတို့ အမြန်ဆုံး လုပ်ဆောင်ရန် တိုက်တွန်းသည့် ကြေညာချက်တစ်စောင် ဇန်နဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။