မန္တလေး-အင်ဖား ဘတ်စ်ကား မတ်လတွင် စတင်ပြေးဆွဲမည်

မန္တလေး-အင်ဖား ဘတ်စ်ကား မတ်လတွင် စတင်ပြေးဆွဲမည်
by -
မဇ္စျိမ

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် အင်ဖားမြို့မှ မြန်မာနိုင်ငံ မန္တလေးမြို့သို့ ပြေးဆွဲမည့် ဘတ်စ်ကားကို မတ်လမှ စတင်ကာ မိတ်ဆက်ပြေးဆွဲတော့မည်ဟု သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ် မိုးရေး-အင်ဖား ကားလမ်း တနေရာ

သီတင်း တပတ်လျှင် တကြိမ်စီ ခေါက်ပြန်ပြေးဆွဲမည့် မိုင် ၅၀၀ ကျော်ခရီး ဘတ်စ်ကား ပြေးဆွဲရေး အတွက် ကားလမ်းဖောက်လုပ်ရေး စီမံကိန်းများ အာလုံးနီးနီး ပြီးစီးနေပြီဖြစ်ကြောင်း မဏိပူရ အစိုးရပိုင်းအား ကိုးကား၍ Sangai Express သတင်းစာတွင် ရေးသားပါရှိသည်။

လူဝင်မှုကြီးကြပ်ရေးအတွက် ရုံးကို မိုးရေးမြို့ ကုန်သွယ်ရေး ဌာနတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး မိုးရေးမြို့ ဂိတ်အမှတ် ၂ ကုန်စုံစျေးအနီး ပူးပေါင်း စစ်ဆေးရေးဂိတ် တခု မကြာမီ ဆောက်လုပ်ပြီးစီးမည် ဖြစ်သည်။

နယ်စပ် စျေးများအဖြစ် အိန္ဒိယဘက် ချန်ဒယ်ခရိုင်နှင့် ချူရာချန်ပူ ခရိုင်တို့တွင် ဖွင့်လှစ်ရန် အကြမ်းမျဉ်း သဘောတူညီထားကြောင်း သိရသည်။

မဏိပူရ ပြည်နယ်၊ မိုးရေးမြို့မှ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့အထိ ၉၉ မိုင်ရှည်သည့် တမူး-မိုးရေး ကားလမ်းကို အိန္ဒိယ အစိုးရက ဖောက်လုပ်ပေးခဲ့ပြီး ၂ဝဝ၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကာ နှစ်နိုင်ငံ အချက်အချာ ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်လာခဲ့သည်။

တရားဝင် နှစ်နိုင်ငံ ကုန်သွယ်ခွင့်ပြုပစ္စည်း ၆၂ မျိုးရှိရာ ၎င်းစာရင်းတွင် မြန်မာနိုင်ငံမှ ကျွန်းသစ်အားထည့်သွင်း နိုင် ရေး မဏိပူရ ပြည်နယ်အစိုးရမှ လုပ်ဆောင်နေကြောင်း သိရသည်။

Most read this week