ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီမှ (UNFC) မှ ချမှတ် ထားသည့် မူနှင့် ကရင်အမျိုးသား အစည်း အရုံး (ကေအဲန်ယူ) ၏ (၁၅) ကြိမ်မြောက် ကွန်ဂရက်မှ ချမှတ်ထားသည့် မူအကြား ကွဲလွဲမှုမရှိစေရန် ပြီးခဲ့သည့် ဇန်နဝါရီ (၂၁) ရက်နေက UNFC ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့ မဲဆောက် မြို့သို့သွားရောက်တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း အဖွဲ့တွင်ပါ၀င်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ယခုလို သွားရောက်ဆွေးနွေးခြင်းမှာ တပ်ပေါင်းစုမူဝါဒ ရေးရာပိုင်း၌ တစ်ပေါင်း တစ်စည်းတည်း ဖြစ်စေရန် အတွက် ရည်ရွယ်ခြင်း ဖြစ်သည် ဟုလည်း ဆိုသည်။
“ပဏာမ အနေနဲ့ UNFC မှာ ဆက်လက် လက်တွဲ ဆောင်ရွက်ဖို့၊ UNFC နဲ့လည်း မကင်းကွာဖို့ပေါ့ အဲဒါ ပြောတယ်၊ ပေါ်လစီပိုင်းကတော့ နိုင်ငံရေး ဆွေးနွေးပွဲ တွေမှာ UNFC နဲ့ တစ်ပေါင်း တစ်စည်းတည်း အတူတကွ ပါဝင်ဖို့ ဖိတ်ခေါ် ရင်းပေါ့ အဲဒါတွေ ဆွေးနွေး ကြတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ မဇ္စျိမအား ပြောသည်။
ကေအဲန်ယူမှ အပစ် အခတ် ရပ်စဲရေး ခိုင်မာအောင် ဆက်လက် လုပ်ဆောင် နိုင်ရန် တစ်ဖွဲ့ချင်း အနေနှင့် အစိုးရအား ဆက်လက် တွေ့ဆုံရန် သဘောထား ရှိပြီး ၎င်းအတိုင်းပင် ဆက်လက် ရပ်တည် သွားမည် ဖြစ်ကာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကို UNFC ဖြင့်သာ ဆက်လက်ဆွေးနွေးသွားမည့် မူကို လက်ခံကြောင်း ဗဒို ကွယ်ထူးဝင်းမှ ပြောသည်။
“UNFC နှစ်ပတ်လည် ညီလာခံက ထုတ်ပြန်တဲ့ အင်္ဂလိပ် ဘာသာမှာ အခု အချိန်က စပြီး လာမယ့် အစိုးရနဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး ရေးနဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေး ကိစ္စ UNFC တစ်ဖွဲ့ ထဲကနေ ဦးဆောင် သွားမယ် ဆိုတဲ့ အချက်က ကျွှန်တော်တို့ ပေါ်လစီ နဲ့ကိုက်ညီမှုမရှိဘူး” ဟု ကေအဲန်ယူ အထွေထွေ အတွင်း ရေးမှူး ဗဒို ကွယ်ထူးဝင်းမှ မဇ္စျိမအား ပြောသည်။
ကေအဲန်ယူ ခေါင်းဆောင် သစ်များ အနေနှင့် နဂို တပ်ပေါင်းစု ဝင်ရောက် ခဲ့သည့် မူအတိုင်း UNFC နှင့် လက်တွဲ၍ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကာ ဗဟို ကော်မီတီ အများစုမှာ သဘောထား ပြောင်းလဲမှု မရှိကြသော်လည်း အချို့ကမူ မေးခွန်း ထုတ်စရာ၊ စီစစ် စရာများ ရှိသည်ဟု ခွန်ဥက္ကာက ပြောသည်။
“UNFC နဲ့ ကင်းကွာ မှာက ကျွန်တော်တို့ဘက်က စိုးရိမ် တာပါ၊ ခေါင်းဆောင်သစ်တွေက တွေ့ထိ ဆက်ဆံံမှု အားနည်းရင် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အစစ အရာရာ နေပြည် တော်နဲ့ အားလုံးကို ချိတ်ဆက် လုပ်ဆောင် သွားမယ် ဆိုရင် နိုင်ငံရေး ဆွေးနွေး ပွဲတွေ အထိကို ထိခိုက် လာနိုင်ဖွယ် ရှိပါတယ်၊ ကြိုတင် ပူပန်တဲ့ သဘောပါ၊ လက်တွေ့တော့ ဖြစ်လာတာ မရှိသေးဘူး” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ မဇ္စျိမအား ပြောသည်။
ထို့အပြင် အပစ်အခတ် ရပ်စဲရေး အသေးစိတ် အချက် အလက်များ ဖြစ်သည့် Code of Conducts များစသည့် အချက်အလက် များကိုမူ တစ်ဖွဲ့ချင်း လက္ခဏာ ဖြင့်သာ လုပ်ဆောင် နိုင်ကြောင်းလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ပြောသည်။
UNFC မှ ကေအဲန်ယူ ထံသို့ ကိုယ်စားလှယ် အဖွဲ့ ဖွဲ့၍ သွားရောက် တွေ့ဆုံရန် ပြီးခဲ့သည့် UNFC နှစ်ပတ်လည် ညီလာခံ၌ ဆုံးဖြတ်ချက် တစ်ရပ် အနေဖြင့် ချမှတ် ခဲ့ပြီး ဥက္ကဋ္ဌ အင်ဘန်လ ကိုယ်တိုင် လာရောက် တွေ့ဆုံလိုသော်လည်း ကျန်းမာရေး အခြေ အနေကြောင့် သွားရောက် နိုင်ခဲ့ခြင်း မရှိသဖြင့် ဒုဥက္ကဋ္ဌ (၁) အေဘယ်တွိစ်မှ ဦးဆောင်ကာ သွားရောက် တွေ့ဆုံ ခဲ့ခြင်း ဖြစ်သည်။
KNU ၏ (၁၅) ကြိမ်မြောက် ကွန်ဂရက် အပြီး သမ္မတ၏ ဖိတ်ခေါ် ချက်အရ နေပြည်တော်သို့ ကေအဲန်
ယူမှ သွားရောက် တွေ့ဆုံခဲ့ရာ ရရှိလာသည့် ဆွေးနွေး ချက်၊ မူများနှင့် တပ်ပေါင်းစု မူများ အကြား
ကေအဲန်ယူ ခေါင်းဆောင် သစ်များနှင့် သဘောထား ကွဲလွဲမှု မရှိစေရန် သွားရောက် ဆွေးနွေးခြင်း
ဖြစ်သလို ကေအဲန်ယူ ခေါင်းဆောင်သစ် များအား သွားရောက် ဂါရဝ ပြုခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ကေအဲန်ယူ ခေါင်းဆောင် သစ်များ ကလည်း (၁၅) ကြိမ်မြောက် ကွန်ဂရက်အပြီး ဇန်နဝါရီလ (၂) ရက်နေ့က UNFC ဥက္ကဋ္ဌ အင်ဘန်လအား လာရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။