ဖားကန့်ဒေသအတွင်း အစိုးရတပ်မှ နေအိမ်များဖျက်ဆီးကာ ငွေနှင့်ကျောက်စိမ်းတုံးများ ယူသွား

ဖားကန့်ဒေသအတွင်း အစိုးရတပ်မှ နေအိမ်များဖျက်ဆီးကာ ငွေနှင့်ကျောက်စိမ်းတုံးများ ယူသွား
by -
ကချင်သတင်းဌာန

မြန်မာအစိုးရ တပ်ဖွဲ့သည် ကချင်ပြည်နယ် ဖားကန့်မြို့ ဆန်ခါ (Sang Hka) ကျေးရွာရှိ ဒေသခံများ၏ နေအိမ်အသီးသီးကို ဖျက်ဆီး၍ ရှာဖွေမွှေနှောက်ကာ ငွေနှင့် ကျောက်စိမ်းတုံးများ ယူသွားခဲ့ကြောင်း ဒေသခံမျက်မြင်များက ပြောသည်။

ဖါးကန့် KBC ကချင်အသင်းတော်တွင် ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်များ။

အစိုးရတပ်ဖွဲ့ဝင် အင်အား ၄၀ ခန့်သည် ယမန်နေ့ နံနက်ပိုင်းမှ ညမိုးချုပ်သည်ထိ အဆိုပါရွာအတွင်းသို့ ၀င်ရောက်လာပြီး အိမ်တိုင်းသို့ ၀င်ရောက် မွှေနှောက်ကာ ၄င်းတို့ကြိုက်နှစ်သက်ရာ ပစ္စည်းများကို ယူဆောင် သွားခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်ဒေသမှ ခရစ်ယာန်ဘာသာရေး ဆရာတစ်ဦးက KNG ကချင်သတင်းဌာန သို့ပြောသည်။

“အိမ်တောင် မရွေးတော့ဘူး။ တစ်အိိမ်ပြီး တစ်အိမ်ရိုက်ဖွင့်ပြီး ယူကြတာ။ တချို့က သိန်း ၈၀ ပါသွားတယ်တဲ့။ မိန်းမတစ်ယောက်က ငွေများလွန်းတော့ဘယ်လောက်ပါသွားတာတောင်မသိဘူးတဲ့။ အိမ်တစ်အိမ်ကတော့ တရုတ်ဖက်သွားရင် ရောင်းစားမယ်ဆိုပြီး ထားထားတဲ့ ကျောက်စိမ်း အများကြီးတဲ့၊ အဲဒါလည်းအကုန်လုံး ယူသွားတယ်တဲ့။ တချို့ဒုက္ခသည်စခန်းကိုရောက်နေတဲ့အိမ်တွေက ဘယ်လောက်ပါသွားမှန်းမသိဘူး။ သူတို့လည်း ပြန်လာ မကြည့်ရဲဘူးဖြစ်နေတယ်။ ဓါတ်ပုံရှိတာ ဟုတ်တယ်။ ဘယ်လို ပို့ပေးရမလဲ မသိလို့” ဟု ပြောသည်။

ဆန်ခါကျေးရွာအနီး မြန်မာအစိုးရတပ်နှင့် ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) ကြား တိုက်ပွဲပြင်းထန် လာဖွယ်ရှိသောကြောင့် ရွာသားအချို့ လုံးခင်း (Lawng Hkang) ဘက်သို့ထွက် ပြေးတိမ်းရှောင်ခဲ့သလို ကျန်ရစ်ခဲ့သော ရွာသားအချို့အား ဆန်ခါကျေးရွာရှိ အစိုးရတပ်က စခန်းအတွင်း ခေါ်သွင်းထားချိန် ၎င်းတို့ နေအိမ်များ ယခုကဲ့သို့ လုယက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

ဆန်ခါကျေးရွာတွင် အိမ်ထောင်စု ၁၀၀ ခန့်ရှိပြီး လူဦးရေ ၅,၀၀၀ ကျော်ရှိကာ လုယက်သွားသော အစိုးရတပ်ဖွဲ့သည် မိုးမောက် (အင်မောက်) နယ်မြေခံ ခြေမြန်တပ်ရင်း ခမရ (၄၃၇) မှ ဖြစ်ကြောင်းသိရသည်။

ဇန်နဝါရီလဆန်းပိုင်းမှ စ၍ ဖားကန့်ဘက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာသဖြင့် ဒေသခံများ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသလို လောလောဆယ် ဖားကန့်ဒေသရှိ KIA တပ်ရင်း (၆) လှုပ်ရှားသည့် နမ်ဂျန် (Nam Jan)တွင် အစိုးရနှင့် (KIA) တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် ကျေးရွာ ၁၀ ကျော်မှ ဒုက္ခသည်များသည် လုံးခင်း၊ ဂင်စီ၊ ဆိုင်းတောင် နှစ်ခြင်း ခရစ်ယာန်ကျောင်း၊ ကက်သလစ်ဘုရားကျောင်း၊ မြန်မာ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ၊ မော်ဆီဇာနှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတို့တွင် ထွက်ပြေးတိမ်းရှောင်လာခဲ့ရာ ဒုက္ခသည် စုစုပေါင်း ၂ သောင်းထက် မနည်း ရှိနေပြီဟု ဒုက္ခသည် စောင့်ရှောက်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘား ဒွဲပီဆာပြောသည်။

Most read this week