ဒေါ်စု ဒုတိယအကြိမ် နိုင်ငံခြားခရီးစဉ် စတင်

ဒေါ်စု ဒုတိယအကြိမ် နိုင်ငံခြားခရီးစဉ် စတင်
by -
မဇ္စျိမ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပနိုင်ငံရပ်ခြား ခရီးစဉ်များကို ဇန်နဝါရီလ ၂၄ ရက်နေ့က ပြန်လည်စတင်လိုက်သည်။

နေအိမ် အကျယ်ချုပ်မှ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလတွင် လွတ်မြောက်လာခဲ့ပြီးနောက် ဒုတိယအကြိမ် အမေရိကန် ခရီးစဉ်လည်း ဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံသို့လည်း ခရီးဆက်မည် ဖြစ်သည်။

ဟာဝိုင်ယီကျွန်းစုရှိ ဟိုနိုလူးလူးမြို့တွင် ပြုလုပ်မည့် Rotary Global Peace Forum တွင် ငြိမ်းချမ်းရေးဆု
တခု ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူကာ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

ဟိုနိုလူးလူး မြို့တော်တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ ငြိမ်းချမ်းရေးဖိုရမ်တွင် ဒေါ်အောင်ဆန်း စုကြည်က ပင်မ ဟောပြောသူအဖြစ် ပါဝင်မည်ဟုလည်း Rotary Global Peace Forum က ထုတ်ဖော်ကြေညာထား
သည်။

ဇန်နဝါရီလ ၂၆ ရက်မှ ၂၇ ရက်နေ့ထိ ပြုလုပ်မည့် ငြိမ်းချမ်းရေးဖိုရမ်တွင် ကမ္ဘာအရပ်ရပ်မှ အသက်အရွယ် အမျိုးမျိုးသောသူများ ဆုံစည်းကာ ပိုမိုငြိမ်းချမ်းသော ကမ္ဘာတခု ဖြစ်ထွန်း တိုးတက်စေရန် ရည်ရွယ်၍ အယူအဆနှင့် မဟာဗျူဟာများ မျှဝေကြမည် ဖြစ်သည်။

အဖွဲ့ဝင် တသန်း နှစ်သိန်းကျော်ရှိသည့် အဆိုပါအဖွဲ့သည် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဲ့လှုပ်ရှားမှုနှင့် လူ့အခွင့်အရေး ဆောင်ရွက်ချက် များ အပေါ် ဂုဏ်ပြုဆုချီးမြှင့်ခြင်း ဖြစ်သည်။

ယခု ခရီးစဉ်အရ အမေရိကန်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့ထိ နေထိုင်မည်ဖြစ်ပြီး တောင်ကိုးရီးယားနိုင်ငံတွင် ၂၀၁၃ ခုနှစ် အထူး အိုလံပစ်ပွဲများ ဖွင့်ပွဲသို့လည်း တက်ရောက်ဦးမည်ဖြစ်ကာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှသာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်မည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ သို့ ၂၀၁၂ ခုနှစ်၊ မေလ ၂၉ ရက်နေ့က သွားရောက်ခဲ့ပြီး ဘန်ကောက်မြို့တွင် ကျင်းပသည့် အရှေ့တောင်အာရှရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ် WEF သို့ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က တက်ရောက်မိန့်ခွန်းပြောကြားခဲ့သလို ထိုခရီးစဉ်အတွင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားများနှင့်လည်း တွေ့ဆုံနိုင်ခဲ့သည်။

ထို့အပြင် ၂၀၁၂ ဇွန်လလယ်က ဥရောပနိုင်ငံအချို့သို့ သွားရောက်ခဲ့သလို အမေရိကန် ပြည်ထောင်စုသို့ စက်တင်ဘာလ နှောင်းပိုင်းက သွားရောက်ခဲ့ပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ နိုဝင်ဘာလ လယ်ကခြောက် ရက်ကြာ သွားရောက်လည်ပတ်ခဲ့သည်။

Most read this week