ပုဂ္ဂလိက ၀န်ထမ်းများ၏ လုပ်ခလစာ တရားဝင် သတ်မှတ်ဖို့လို

ပုဂ္ဂလိက ၀န်ထမ်းများ၏ လုပ်ခလစာ တရားဝင် သတ်မှတ်ဖို့လို
by -
မဇ္စျိမ

အစိုးရဝန်ထမ်းများ ထောက်ပံ့ကြေးပေးမည်ဆိုသည့် သတင်းထွက်ပေါ်နေခြင်းကြောင့် ပုဂ္ဂလိကဝန်ထမ်း များအတွက် လုပ်ခလစာ မလုံလောက်သည့် အခြေအနေနှင့် ကြံုတွေ့လာနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သော (LRDP) အဖွဲ့မှ မအိရွှေဇင်ညွှန့်က မဇ္စျိမသို့ပြောသည်။

“ကျွန်မတို့နိုင်ငံမှာ အစိုးရ အခြေခံလုပ်ခလစာ သတ်မှတ်ရတဲ့ အနေအထားဖြစ်နေတယ်။ အမှန်ဆို ဒါဟာ မဖြစ်သင့်ဘူး။ စစ်မှန်တဲ့ အလုပ်သားသမဂ္ဂ ပေါ်လာရင် အဲဒီသမဂ္ဂနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ လုပ်ခ လစာကို ညှိနှိုင်းပြီး စာချူပ်ချူပ်ရမှာ။ ဒါဟာနိုင်ငံတကာမှာကျင့်သုံးနေတဲ့ အလုပ်သမားစည်းမျဉ်းပဲ” ဟု မအိရွှေဇင်ညွှန့်က ပြောသည်။

 ပုဂ္ဂလိက ၀န်ထမ်းများ၏ လစာအား တရားဝင်သတ်မှတ်ပေးနိုင်ခြင်း မရှိသည့် အချိန်၌အစိုးရဝန်ထမ်း များအား ထောက်ပံ့ကြေးပေးမည်ဆိုပါက ကုန်စျေးနှုန်း တက်လာကာ ပုဂ္ဂလိက ၀န်ထမ်းများအဖို့ လစာမလုံလောက်သည့် အခြေအနေနှင့် ကြံုတွေ့လာနိုင်သဖြင့် ထိုသို့သုံးသပ်ရခြင်း ဖြစ်ကြောင်း သမိုင်းမြို့မ ဘုန်းကြီးကျောင်းတွင် ပြုလုပ်သည့် အလုပ်သမားအဖွဲ့များ သတင်းစာရှင်းလင်းပွဲတွင် မအိရွှေဇင်ညွှန့်မှ ပြောဆိုခဲ့သည်။

ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ပထမနေ့က နိုင်ငံတော်သမ္မတမှ ပေးပို့သည့် နှစ်သစ်ကူး သဝဏ်လွှာတွင် လာမည့် ဘဏ္ဍာနှစ်၌ နိုင်ငံ့ ၀န်ထမ်းများ၏ ထောက်ပံ့ကြေးများကို တိုးမြှင့်ပေးနိုင်တော့မည် ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

အဆိုပါ ဖော်ပြချက်နှင့် ပတ်သတ်၍ လှိုင်သာယာမြို့နယ်မှ စက်ရုံအလုပ်သမားတဦးက “သူတို့ ၀န်ထမ်းတွေကို သူတို့တိုးပေးတာ ကုန်စျေးနှုန်းတက်ရင် ကျွန်တော်တို့ ပုဂ္ဂလိက ၀န်ထမ်းတွေကငတ်မှာ။ကျွန်တော်တို့ အတွက်လည်း သမ္မတကြီး ထည့်စဉ်းစားပေးဖို့ ကောင်းပါတယ်” ဟု ဆိုသည်။

ယခုလက်ရှိ အနေအထားအရ ပုဂ္ဂလိက ၀န်ထမ်းများအပေါ် အခြေခံလစာ တရားဝင်သတ်မှတ်ထားခြင်း မရှိဘဲ လုပ်ခ၊ နေ့တွက်ခ၊ ရက်မှန်ကြေး စသည်ဖြင့် လုပ်ခလစာ အနေဖြင့်သာ ရရှိခဲ့ရာ ၀န်ထမ်းတဦး၏ အနိမ့်ဆုံး လုပ်ခလစာမှာ ကျပ်ငွေ ၂ သောင်းဝန်းကျင်သာ ရှိကြောင်း ပုဂ္ဂလိက စက်ရုံဝန်ထမ်းများက ပြောဆိုသည်။

အလားတူ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ အလုပ်သမားအရေးဆောင်ရွက်နေသူမသက်သက် အောင်က"ပြည်သူ ့ဝန်ထမ်းကို လစာတိုးပေးရင် ဘဲဖြစ်ဖြစ် ထောက်ပံကြေး ပေးတာဘဲဖြစ်ဖြစ် ပုဂ္ဂလိက ၀န်ထမ်းတွေရဲ့ အခြေခံလစာကို လွှတ်တော်က အမြန် သတ်မှတ်သင့်တယ်။ မပာုတ်ရင် အရင်တစ်ခေါက် ပြည်သူ့ဝန်ထမ်းတွေ လစာတိုးတုန်းကလို ပုဂ္ဂလိကဝန်ထမ်းတွေ ထကြွလာနိုင်တယ်။" ပာု ပြောဆိုသည်။

အဆိုပါလစာသတ်မှတ်ရာတွင် ပုဂ္ဂလိက လုပ်ငန်းများ၏ အခြေခံလစာနှုန်းထားသည် ဋ္ဌာနဆိုင်ရာရှိ အငယ်တန်းစာရေး လစာနှင့် တူညီသင့်ကြောင်း  မသက်သက်အောင်က ဆက်လက်ပြောဆိုသည်။

မြန်မာ နိုင်ငံတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း ငွေဖေါင်းပွမှုနှုန်း မြန်ဆန်စွာမြင့်တက်လာသည့်နောက် လွန်ခဲ့သည့် ၄ နှစ်မှ ၆ နှစ် အကြား လစာ တကြိမ် တိုးမြှင့်ပေးခဲ့သည်။ နောက်ဆုံး လစာတိုးမြှင့်ပေးခြင်းမှာ ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ဖြစ်သည်။