နယ်ခြားစောင့်တပ် (BGF) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) အကြား ရှိနေသည့် အထွေထွေ ပြဿနာများကို ဖြေရှင်းရန် အလွတ်သဘော ဆွေးနွေးပွဲတခုကို မြဝတီမြို့ရှိအေးချမ်းဖြိုး ရိပ်သာ တွင် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်က ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် DKBA ၏ နိုင်ငံရေးအဖွဲ့အစည်း ကလို့ထူးဘော ကရင် အစည်းအရုံး (KKO)၊ ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် နယ်ခြားစောင့် တပ်များ ပါဝင်ဆွေးနွေး ကြကြောင်းဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် DKBA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောမိုရှေး က ပြောသည်။
“ပြဿနာက ပြီးခဲ့တဲ့ ခြောက်လလောက် ကတည်းက မြိုင်ကြီးငူ ဒေသကို လက်နက်မဲ့ ဇုန်အဖြစ် သတ်မှတ်ဖို့ နှစ်ဖက်လုံး (နယ်ခြား စောင့်တပ်နှင့် DKBA) သဘောတူ ထားကြတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျနော်တို့ လူတွေက ကိုယ့်နယ်မြေ ဆိုတော့ လက်နက်တွေနဲ့ ဝင်နေကြတယ်။ အဲဒါကြောင့် တဖက်ကလည် ခင်ဗျားတို့ နေလို့ရရင် ကျနော်တို့လည်း နေလို့ရတယ်ဆိုပြီး နှစ်ဖက် တပ်အကြား ကတောက်ကဆ ဖြစ်ထားတာ။ အဲဒါတွေ ဆွေးနွေး ဖြန်ဖြေပေးတယ်” ဟု မဇ္စျိမကို ပြောသည်။
ထို့ပြင် အပစ်အခတ် ရပ်စဲပြီးနောက် ကြံုတွေ့ရသည့် ပြဿနာများအား ဝန်ကြီး ဦးအောင်မင်းအဖွဲ့က မေးမြန်းခဲ့ရာ တပ် ရပ်တည်ရေးနှင့် တပ်မိသားစုများ ရေရှည် ရပ်တည်နိုင်ရေး စား၊ ဝတ်၊ နေရေး ပြဿနာ များမှာ လက်ရှိ အဓိက ပြဿနာများ ဖြစ်ကြောင်း ၎င်းတို့ ဘက်မှ တင်ပြခဲ့သည်ဟု စောမိုးရှေးမှ ပြောသည်။
“တွေ့တာကတော့ အလွတ်သဘောပါပဲ။ အခုလိုမျိုး အလွတ်တွေ့ရတာ ကျနော်တို့ ပိုသဘောကျတယ်။ ဟိုခေါင်းစဉ် မဆွေးနွေးရ၊ ဒီအကြောင်းအရာ မဆွေးနွေးရ ကန့်သတ်တာ မရှိဘဲ အားလုံး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တာ ကောင်းတယ်။ အရင်အပတ် ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်တာထက် ပိုပြီး လွတ်လပ်တယ်လို့ ကျနော် သုံးသပ်တယ်” ဟု စောမိုရှေး က ဆိုသည်။
ဆွေးနွေးပွဲသို့ အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ ဦးအောင်မင်းနှင့် ဦးလှမောင်ရွှေ၊ DKBA မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ် အပါအဝင် ကိုယ်စားလှယ် ၈ ဦး၊ နယ်ခြားစောင့်တပ်မှ ဗိုလ်ချုပ် မောင်မောင်အုန်း တို့အပြင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးလည်း တက်ရောက်ခဲ့သည်။
ယခု တွေ့ဆုံ ခြင်းသည် ဦးအောင်မင်းနှင့် DKBA ပထမဆုံး အကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။
DKBA သည် အပစ်အခတ် ရပ်စဲရေးကို ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့က ဘားအံမြို့ ပြည်နယ် ဝန်ကြီးချုပ်ရုံးတွင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့ ညှိနှိုင်းပေးမှုမှ တဆင့် လက်မှတ်ရေးထိုးထားပြီး ဦးအောင်သောင်း ငြိမ်းချမ်းရေး အကျိုးဆောင် အဖြစ်မှ အနားယူသွားပြီးနောက် အစိုးရဘက်နှင့် ထပ်မံတွေ့ဆုံနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
၂၀၁၂ ခုနှစ်၊ ဖော်ဖော်ဝါရီလကလည်း နယ်ခြား စောင့်တပ် ၁ဝ၁၁ နှင့် ၁ဝ၁၉ တပ်ရင်း နှစ်ခု ပူးပေါင်းတပ်က DKBA ကလို့ထူးလား စစ်ကွပ်ကဲရေး စခန်းရှိ လက်နက် အလက် ၃ဝ ကျော် ဝင်သိမ်းခဲ့၍ တင်းမာမှု ဖြစ်ပွားခဲ့ ဖူးကာ သိမ်းဆည်း လက်နက်များကို သမ္မတ ဦးသိန်းစိန် ညွှန်ကြားချက်ဖြင့် DKBA ထံ ပြန်လည်ပေးအပ်ခဲ့သည်။
DKBA အား ယခင်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်ဟု အသုံးပြု ခေါ်ဝေါ်ခဲ့ရာမှ ပါတီအား (KKO)၊ လက်နက်ကိုင် တပ်အား ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) ဟူ၍ ပြောင်းလဲခေါ်ဆိုရန် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ DKBA တပ်မှူးများ အစည်းအဝေးမှ အတည်ပြုခဲ့သည်။
၁၉၉၄ ခုနှစ်တွင် ကရင် အမျိုးသား အစည်းအရုံး KNU မှ ခွဲထွက် တည်ထောင်ခဲ့သည့် DKBA မှာ အင်အား ၁,၅ဝဝ ခန့်ဖြင့် ဒေါနတောင် အရှေ့ခြမ်းနှင့် အနောက် ဘက်ခြမ်းရှိ ကြာအင်းဆိပ်ကြီး မြို့နယ် ကလိုထူးဘော၊ ကော့ကရိတ် မြို့နယ် ကလို ထူးဝါးနှင့် မြိုင်ကြီးငူ-လှိုင်းဘွဲ့-ဖာပွန် နယ်စပ်ရှိ ကလူထူးလား စသည့်နယ်မြေ များ၌ တပ်ရင်း ၁၁ ရင်း ဖြင့် လှုပ်ရှားနေလျက် ရှိသည်။