အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ခိုလှုံရောက်ရှိနေသည့် မြန်မာဒုက္ခသည် ချင်းတိုင်းရင်းသူ အမျိုးသမီးငယ် ၈ ဦး အား အိမ်ဖော်လုပ်ငန်း လုပ်ကိုင်ရန် ဒေသခံ ပွဲစား အမျိုးသမီးတဦးက လိမ်လည်ခေါ်ဆောင်သွားကြောင်း ကာယကံရှင်များက ပြောသည်။
အသက် ၁၂ နှစ်မှ ၁၈ နှစ်အရွယ်အကြား မိန်းကလေးငယ်များအား ချမ်းသာသော နေအိမ်များတွင် အိမ်ဖော်အလုပ်အတွက် အပ်နှံပေးသည့် အိန္ဒိယနိုင်ငံသူ အသက် ၃၅ နှစ်ခန့်ရှိ ပွဲစားအမျိုးသမီး တဦးက လုပ်ခ တနှစ်စာကို အိမ်ရှင်များထံမှ ကြိုတင်ထုတ်ယူခဲ့ပြီး တိမ်းရှောင်နေခဲ့သည်ဟု ထွက်ပြေး လွတ်မြောက်လာခဲ့ သည့် မိန်းကလေးတဦးက ဆိုသည်။
“သမီးကို UN (ကုလ ဒုက္ခသည်ရုံး)က ခေါ်လို့ ခွင့်တောင်းတာ နှစ်ရက်လောက်ရှိပြီ။ ပွဲစား အမကြီးဆီမှာရော၊ အိမ်ရှင့်ဆီမှာရော တောင်းတယ်။ ဟိုလိုလို ဒီလိုလိုနဲ့ မပေးဘူး။ ကံကောင်းလို့ သမီးမှာ ဖုန်းရှိတာနဲ့ အကို့ကို ခေါ်လိုက်တာ။ အိမ်လိပ်စာ ပွဲစားကို တောင်းတော့လည်း အမှားကြီး ပေးတာ။ ဘေးအိမ်မှာ လိပ်စာဆိုင်းဘုတ် ကပ်ထားတာတွေ့လို့ အဲဒီအတိုင်း ပေးလိုက်တာ။ အကို ရောက်လာတော့ အိမ်ရှင်ဆီမှာ ခွင့်တောင်းတော့ မပေးတဲ့အပြင် နင့်ကိုငါ မသိဘူးတဲ့၊ ငါ့အိမ်ထဲကနေ ချက်ခြင်းထွက်သွားတဲ့၊ ဒီကောင်မလေးကို တနှစ်စာ လခအတွက် ၂၆,၀၀၀ ပေးထားတာ။ ပြန်ခေါ်ချင်ရင် အဲဒီငွေတွေ ပြန်ပေးလို့ ပြောပြီး အကို့ကို မောင်းထုတ်တယ်။ သမီးကို တံခါးတွေ အထပ်ထပ်ပိတ်ပြီးတော့ သော့တွေ ခတ်တာနဲ့ သမီးလည်း ကြောက်ပြီး အိမ်ရှင် မသိခင် ဝရံတာကနေ ခုန်ဆင်းလာတာ” ဟု ၁၅ ပေ အမြင့်မှ လွန်ခဲ့သည့် သီတင်းပတ်က ခုန်ချ လွတ်မြောက်လာခဲ့သည့် တော်ဝီလွန်း (Tawi Lun) က မဇ္စျိမကို ပြောသည်။
တော်ဝီလွန်း မှာ အသက် ၁၆ နှစ်ခန့်သာ ရှိသေးပြီး ပွဲစားအမျိုးသမီး၏ အဆက်အသွယ်ဖြင့် ဒေလီမြို့ရှိ ဒေသခံ အိမ်တအိမ်တွင် ၁၀ ရက်ခန့်သာ အလုပ်ဝင်ရသေးသည်။
တော်ဝီလွန်း အိမ်ပြန်ရောက်ပြီးနောက် ၎င်း၏ အတွေ့အကြံု ပြောပြချက်အရ အခြား မိသားစုများလည်း ၎င်းတို့၏ သမီးနှင့် နှမများကို စိတ်ပူကာ လိုက်ရှာခဲ့ကြသည်။
“သမီးနှစ်ယောက် အလုပ်သွားလုပ်တာ တလကျော်ပြီ။ တယောက်တော့ အဆက်အသွယ်ရတယ် ကျန်တဲ့တယောက်ကတော့ ဘယ်မှာ နေမှန်းတောင် မသိဘူး။ ဖုန်းလည်း မပါသွားဘူး။ ပွဲစားကို ဆက်သွယ်တော့လည်း အဆက်အသွယ်မရဘူး။ အရမ်းစိတ်ပူတယ်” ဟု အသက် ၁၂ နှစ်နှင့် ၁၃ နှစ်အရွယ် သမီးလေးများဖြစ်ကြသည့် ကျင်စန်နှင့် ကျန်ဘွိုင့် တို့၏ မိခင် Nu Nuno (နူး နုနို)က ဆိုသည်။
ကျန်မိန်းခလေးများ၏ မိသားစုဝင်များ စိတ်ပူကာ သွားရောက်တွေ့ဆုံရာတွင် အိမ်ရှင်များ ခွင့်ပြုမူကို မရခဲ့ပေ။
“တချို့ကတော့ သူတို့သမီး ညီမတွေ ရှိတဲ့နေရာ အစအနတောင် မသိဘူး။ (ဒေသခံ)စကား တတ်တဲ့ လူနဲ့ သွားပြီး အိမ်ရှင်ဆီမှာ တွေ့ခွင့်သွားတောင်းတာ။ အိမ်ရှင်က ခွင့်မပေးဘူး တနှစ်စာ ပေးထားတယ်။ အဲဒီမတိုင်ခင် ဘယ်မှ မသွားရဘူးတွေပြောတာနဲ့ နောက်တနေ့တော့ ပွဲစားကို အလုပ်လိုတဲ့သူ ရှိတယ်ဆိုပြီး လိမ်ခေါ်တာ။ ပြီးတော့ ပွဲစားနဲ့ သူ့သမီးတွေဆီ သွားတွေ့ဖို့ သွားတာ။ သူ့သမီး ရှိတဲ့နေရာကို မခေါ်သွားဘဲ တနေကုန် ဟိုခေါ်သွားဒီခေါ်သွားနဲ့ နောက်ဆုံး အိမ်တအိမ်ကိုခေါ်သွားတာ အဲဒီမှာနေတာက သူ့တို့သမီး မဟုတ်ပေမယ့် ချင်းတိုင်းရင်းသူ မိန်းကလေး တယောက်ပဲ။ သူတို့လည်း မသိဘူး။ အဲဒါသူတို့ချင်းစကားပြော တာကို အဲဒီအိမ်မှာ နေတဲ့ ကောင်မလေးက ကြားတာနဲ့ ပြေးဖက်ပြီး သူဒီမှာမနေချင်တဲ့ အကြောင်း ပြီးတော့ သူ့ကိုခေါ်ထုတ်ပေးဖို့ ငိုယိုပြီးပြောတာနဲ့ ပတ်ဝန်းကျင်က ရဲတွေဝိုင်းလာတော့ အားလုံး ရဲစခန်းသွားကြတာ” ဟု ရဲဌာနတွင် စကားပြန်အဖြစ် ဆောင်ရွက်ပေးသူ Sweet Sweet က မဇ္စျိမကို ပြောသည်။
အမျိုးသမီးငယ်များအား အလုပ်လုပ်ရာတွင် ခွင့်ရက်မပေးခြင်း၊ အပြင်ထွက်ခွင့် မပေးခြင်း၊ တချိုု့သော နေအိမ်များတွင် မိုဘိုင်းဖုန်းများကို သိမ်းဆည်းထားတာ မိသားစုဖြင့် အဆက်အသွယ် မရနိုင်အောင် လုပ်ဆောင်ထားကြောင်း မိန်းကလေးများ၏ ပြောပြချက်အရ သိရှိရသည်။
“သမီးတို့ကို တလ ၆,၀၀၀ ပေးမယ်လို့ ပြောတာ။ အဲဒါနဲ့ ရုံးတခုကို ခေါ်သွားပြီး လက်မှတ်တွေရော၊ လက်ဗွေတွေရော နှိပ်ခိုင်းတယ်။ ၁၀ ချောင်းလုံးပဲ။ သူတို့ စာချူပ်ကလည်း ဘာတွေ ရေးမှန်း မသိဘူး။ အင်္ဂလိပ်လိုတွေ ရေးထားတာ မဖတ်တတ်တော့ သူတို့ခိုင်းသလိုပဲ လိုပ်လိုက်တာ။ ပြီးတာနဲ့ သူဌေး လာခေါ်တဲ့နေရာ လိုက်သွားတာပဲ” ဟု စနေနေ့က လွတ်မြောက်လာခဲ့သည့် အသက် ၁၆ နှစ်အရွယ်ရှိ နမ်ဘွိုင်း က ဆိုသည်။
ပွဲစားထံမှ ရရှိသော လိပ်စာအရ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မိန်းကလေးများကို လိုက်လံခေါ်ထုတ်ခဲ့ရာ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ ၅ ယောက်အား ခေါ်ထုတ်နိုင်ခဲ့ပြီး ကျန်နေသူများထဲမှ နှစ်ဦးမှာ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ် ပြည်နယ်တွင် ရောက်နေပြီး သွားရောက်ခေါ်ထုတ်နေဆဲဟု သိရသည်။
ပွဲစားအမျိုးသမီးမှာ မြန်မာနယ်စပ်ရှိ ဒေသခံ ကူကီး၊ တီးတိန်နှင့် ဟိန္ဒူစတာန်နီအပြင် အင်္ဂလိပ် ဘာသာစကားများ တတ်ကျွမ်းသူတဦး ဖြစ်သည်။ လက်ရှိတွင် ၎င်းအား နယူးဒေလီမြို့၊ Uttam Nagar ရဲဌာနတွင် ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရှိရသည်။
“ရဲတွေက အမှုတည်ဆောက်နေဆဲပဲ။ ဘာအမှုနဲ့ စွဲမလဲ မသိသေးဘူး။ လူကုန်းကူးမှု မြောက်/ မမြောက် ပြန်ကြည့်နေတဲ့ သဘောမှာ ရှိတယ်။ အခု ပန်ဂျပ်မှာ ရှိတဲ့ ကလေး နှစ်ယောက် အတွက်လည်း ဒေလီရဲက ပန်ဂျပ်ရဲနဲ့ ဆက်သွယ်ပြီး ဆက်လုပ်နေတယ်။ သုံးယောက်က ကျမတို့ ဒုက္ခသည် အသိုင်းအဝိုင်းက ဆွေမျိုးတွေနဲ့ အတူရှိတယ်။ Children Welfare Committee မှာ ကလေး နှစ်ယောက် ရောက်တယ်။ ကျန်တဲ့ နောက်တယောက်က ဒေလီမှာ၊ ပိုက်ဆံ ၁၄,၀၀၀ နဲ့ သွားရွေးရမှာ” ဟု လူမှုလုပ်သား တဦးဖြစ်သည့် မအားခူ က ပြောသည်။
ထို့ပြင် မိခင်တဦးကိုလည်း ကလေးငယ်များအား အလုပ်ခိုင်းစေမှုဖြင့် အဆိုပါရဲဌာနတွင် ထိန်းသိမ်းထားရှိပြီး ၎င်းအတွက် အာမခံ ရှာနေကြောင်း သိရသည်။