အစိုးရတပ် ထိုးစစ်များ ဆက်လက် ရှိနေဆဲဟု KIO နှင့် ကျောင်းသားတပ် ပြော

အစိုးရတပ် ထိုးစစ်များ ဆက်လက် ရှိနေဆဲဟု KIO နှင့် ကျောင်းသားတပ် ပြော
by -
မဇ္စျိမ

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ လဂျားယန်ဒေသသို့ ထိုးစစ်ဆင်မှုများ စနေနေ့မှ စတင်ကာ ရပ်တန့်မည်ဟု အစိုးရအဖွဲ့က ကြေညာထားသော်လည်း လဂျားယန်ဒေသအနီး ခရာဘွမ်တွင် တနင်္လာနေ့ထိ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု KIO ပြောရ ဦးလနန် က ပြောသည်။  

“လဂျားယန်ဒေသမှာ စစ်ဆင်ရေး ရပ်ဆိုင်းတယ်ပြောပေမယ့် ဆက်ပြီး ဖြစ်နေတုန်းပါ။ မနေ့ကလည်း တနေကုန်ဖြစ်တယ်။ ဒီနေ့မနက်လည်း ရ နာရီခွဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုး မြေပြင် တိုက်ပွဲတွေ ရှိနေတယ်။ တိုက်လေယာဉ်နဲ့ ပစ်ကူပေးတာ မရှိဘူးဆိုတာပဲ” ဟု မဇ္စျိမကို ပြောသည်။  

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်-နမ်ခမ်းဘက်မှ KIO ၏ တပ်မဟာ ၃ နယ်မြေ မန်ဝင်းဘက် အစိုးရ စစ်ကား ၂၀ စီး အင်အား ၂၀၀ ဝန်းကျင်ခန့် တနင်္ဂနွေနေ့က ရောက်ရှိလာသည်ဟု ၎င်းက ဆိုသည်။  

အစိုးရ၏ ထုတ်ပြန်ချက်သည် လဂျားယန်ဒေသကို ထိုးစစ်ဆင်မှု ရပ်စဲခြင်းသာဖြစ်ပြီး ခရာဘွမ် ထိုးစစ်ဆင်မှု မရစဲသေးကြောင်းနှင့် ထို လဂျားယန်ဒေသတွင် အစိုးရစစ်တပ်က KIO ၏ တပ်စခန်း တခု သိမ်းပိုက်ထားပြီး ဖြစ်၍ ထိုးစစ်ဆင်ရန် မလိုတော့ခြင်းသာ ဖြစ်သည်ဟု ABSDF ကျောင်းသား တပ်မတော်(မြောက်ပိုင်း) တာဝန်ခံ ဦးလဆိုင်း က ပြောသည်။   

“ခရာဘွမ်ကို မနေ့ကတည်းကနေ ထိုးစစ်ဆင်နေတာ ခုထက်ထိ အင်အားတွေ ပိုတိုးပြီးတော့ ထိုးစစ်ဆင်နေတာ၊ သူတို့ ကြေညာချက်က လဂျားယန် ထိုးစစ်ဆင်ပဲ ရပ်နေတယ်။ ခရာဘွမ် ထိုးစစ် မရပ်ဘူး။ ကချင်ပြည်နယ် တခုလုံး မရပ်ဘူး” ဟု မဇ္စျိမကို ပြောသည်။  

အလားတူ KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်မဟာ ၆ တည်ရှိရာ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ မဖြစ်ပွားသော်လည်း အစိုးရ စစ်ကြောင်းများ ဆက်လက် နေရာယူထားဆဲ ဖြစ်၍ တင်းမာမှု ရှိနေဆဲ ဖြစ်သည်ဟု KIA တပ်ရင်း ၄ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဇော်ဒွဲက ပြောသည်။

“တက်လာပြီ ဆိုရင်တော့ အထက်က အမိန့်ပေးထားတယ်ဆိုတော့ ပစ်ဖို့ပဲ။ သူတို့ ဆုတ်ခွာသွားပြီ ဆိုရင်တော့ ဘာမှ မလုပ်ဘူး။ သူတို့ စစ်အင်အား လျော့သွားတာ မရှိဘူး။ ဖားကန့် လမ်းတလျှောက်မှာလည်း ပုံမှန်ရှိသေးတယ်။ ကျနော်တို့အနီး လမ်းတလျှောက်မှာလည်း ရှိနေတုန်းပဲ” ဟု သူက မဇ္စျိမကို ပြောသည်။

ဖားကန့်မြို့နယ် မိုးကောင်း ၈ မိုင်၊ ကားမိုင်း၊ နမ်ယာ ဘုန်းကြီးကျောင်း၊ လုံးခင်းအထက် နမ်ဂျန်၊ ဂင်စီ၊ ရုံးချိုမော်၊ လမောင်ကောင်၊ ဇုတ်နန်ကောင်၊ ဆိုင်းတောင် ရွာဟောင်း၊ နမ်မော်ခူး၊ ကစန်းဘွမ်၊ အင်းတော် နာမွန်၊ လေပြင်၊ ကတည်းမှော် အနီး၊ တောမော် ကျေးရွာအနီး စသည့်နေရာများတွင် အစိုးရစစ်အင်အား အနည်းဆုံး ၁,၅၀၀ အထက် ဖြည့်တင်းထားသည်ဟု ဗိုလ်မှူးကြီး ဇော်ဒွဲ က ပြောသည်။  

အစိုးရ၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) လက်အောက်ခံ တပ်ရင်းများနှင့် ဗျူဟာ ၄ ခု ဖားကန့်မြို့နယ်အတွင်း နေရာချထားခြင်းမှာလည်း ဆုတ်ခွာခြင်း မရှိသေးဘဲ ဆက်လက် နေရာယူထားဆဲ ဖြစ်သည်ဟု ၎င်းက ဆိုသည်။  

အစိုးရ ကြေညာချက်တွင် မည်သို့ဆိုထားစေကာမူ အောက်ခြေ စစ်တပ်ဘက်မှ လက်နာခြင်း မရှိကြောင်း ဗိုလ်မှူးကြီး ဇော်ဒွဲက သုံးသပ်သည်။  

“သမ္မတ ပြောတာကို သူတို့ စစ်ကက လက်မခံဘူး။ အကောင်အထည်ဖော်တာ မရှိဘူး။ ဒါကြောင့် ကြာလာလေ သမ္မတ အပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု လျော့လာမယ်။ ကျနော်တို့က ဒီတခေါက်လည်း သေချာမလားပေ့ါ။ ဘယ်လောက် သေချာမယ်ဆိုတာ ခု စောင့်ကြည့်နေတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ကတည်းက တပ်မတော်အနေဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရုံမှအပ ကချင်
ပြည်နယ်အတွင်း ထိုးစစ်ဆင်မှု ရပ်ဆိုင်းရန် သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေး ဦးစီးချုပ်ထံ ညွန်ကြားခဲ့
သော်လည်း တိုက်ပွဲများ တနှစ်ကျော်ကြာ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။