အာဏာပိုင်တွေက မီးသတ်ကားသယ်ယူရန် မတရားငွေကောက်ခံ

အာဏာပိုင်တွေက မီးသတ်ကားသယ်ယူရန် မတရားငွေကောက်ခံ
by -
ခိူနူမ်းထုန်

ဗဟိုအစိုးရမှ ထုတ်ပေးထားသည့် မီးသတ်ကားသယ်ယူရန် လမ်းစားရိတ်အတွက် မင်းတပ်မြို့ မီးသတ်ဦးစီး ဌာနနှင့် မြို့မိမြို့ဖ လူကြီးတွေက မြို့ပေါ် ကုန်စုံဆိုင်များထံ အကန့်အသတ်မဲ့ ငွေကောက် ခံနေကြောင်း သိရသည်။

“ဇန္နဝါရီလ ၂ ရက်နေ့က စံပြကုန်စုံဆိုင်ပိုင်ရှင် ဦးအောင်တုန်ထံ ကျပ်ငွေ ၃၀,၀၀၀၊ ရွှေဝတ် ရည်ကာဖီ ကုန်စုံဆိုင်ပိုင်ရှင်ထံမှ ကျပ်ငွေ ၂၀,၀၀၀ ကောက်ခံသွားတယ်” ဟု ဒေသခံ တဦးက ပြောသည်။

မင်းတပ်မြို့ပေါ်တွင် ကုန်စုံဆိုင်အနည်းဆုံး ၁၀၀ ကျော်ရှိမည်ဟု သိရပြီး အာဏာပိုင်တွေက အကန့်အသတ်မဲ့ ကောက်ခံ နေခြင်းဖြစ်ကြောင်းနဲ့ စည်းစနစ်ရှိရှိ ကောက်ခံသင့်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

“နိုင်ငံတော် သမ္မတကြီးရဲ့ သန့်ရှင်းကောင်းမွန်တဲ့ အစိုးရ ဆိုတဲ့ မိန့်ခွန်းနဲ့ ဖီလာဆန့်ကျင် ဖြစ်နေတယ်” ဟု ဆလိုင်း အောင်လိန်းထန်းက ပြောသည်။

လောလောဆယ်တွင် ခန့်မှန်းခြေ ကျပ်ငွေ ၂၅ သိန်းနှင့် သိန်း ၃၀ ကြား ကောက်ခံရရှိထားပြီဟု သိရကြောင်း  ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့တဲ့ ဇန္နဝါရီလ ၉ ရက် နေ့ခင်း ၁၁ နာရီခန့်က မင်းတပ်မြို့ စံပြရပ်ကွက်၊ ကွက်စိပ် (၃) နေ ဦးလိန်းရွှေနှင့် ဒေါ်ဂီးရောင်တို့၏ အိမ် မီးလောင်ပြာကျသွားကြောင်းနှင့် မီးသတ်ကား မရှိသောကြောင့် အဆိုပါ မီးလောင်မှုအား အချိန်မှီ မငြိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

Most read this week