နမ့်ခမ်းမြို့တွင် ဘော့လုံးလောင်းကစားလုပ်ငန်း လွတ်လပ်စွာလုပ်ကိုင်နေ

နမ့်ခမ်းမြို့တွင် ဘော့လုံးလောင်းကစားလုပ်ငန်း လွတ်လပ်စွာလုပ်ကိုင်နေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် ဘော့လုံးလောင်းကစားလုပ်ငန်းကို အဖမ်းအဆီးမရှိ လွတ်လပ်စွာ လုပ်ကိုင်နေကြောင်း စုံစမ်းသိရှိရသည်။

ဘော်လုံးလောင်းကစားလက်မှတ်

“ဘော့လုံးဒိုင် လောင်းကစားရုံကတော့ ၂ ခုရှိပါတယ်၊ ဟောလီးဝုဒ်ကဖေးဆိုင်ပိုင်နဲ့ မိုခမ်းရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးစိုင်းသန်းညွန့် တို့ဖြစ်ကြတယ်၊ အဖမ်းအဆီးမရှိ ရဲကို လိုင်းကြေးပေးပြီးလုပ်ကိုင်ကြတယ်၊ ၁ လ ကို ကျပ် ၃ သိန်း အနည်း ဆုံးပေးဆောင် ပြီးလုပ်ကိုင်နေတယ်” ဟု နမ့်ခမ်းမြို့ဒေသခံ ဘော့လုံးဒိုင် နီးစပ်သူတစ် ဦးကပြောသည်။

ဘော့လုံးပွဲလောင်းကစားဒိုင်မှာ တစ်နေ့အနည်းဆုံး ငွေ ၁၀ သိန်းခန့် လောင်းငွေများရကြောင်း၊ စနေနေ့နှင့် တနင်္ဂနွေနေ့ ပရီးမီးယား နှင့် ချန်ပီယံလိဂ်ဘော့လုံးပြိုင်ပွဲ ရှိသောနေ့များတွင် လောင်းငွေ သိန်း ၃၀ ထက်မနည်းရရှိကြောင်း၊  လောင်းကစား သမားများမှာလည်း  လက်လုပ်လက်စား၊ ပန်းရံအလုပ်သမားများ၊ ကျောင်းသား လူငယ်များ၊ အစိုးရဝန်ထမ်း များပါမကျန်၊ စီးပွားရေးလုပ်ငန်းရှင်များ ညနေပိုင်းအချိန် များတွင် ကြိတ်ကြိတ်တိုး လာရောက် လောင်းနေကြကြောင်း ၄င်းကဆိုသည်။

ဟောလီးဝုဒ် ကဖေးမှာ ရဲစခန်းနှင့်မျက်နှာချင်းဆိုင်တွင်တည်ရှိပြီး “ဟောလီးဝုဒ်ကဖေးမှာတော့ သူတို့ဆိုင် ထဲမှာ ဘောလုံးလက်မှတ်မရောင်းပဲ သူတို့ဆိုင်အပေါ်ဘက် အရက်ဆိုင်နဲ့ ကဖေးဆိုင် အနောက်ဘက်က ဓါတ်ပုံဆိုင်တွေမှာ လက်မှတ်ကိုလွတ်လွတ်လပ်လပ် ရောင်းနေ ကြတယ်၊ နောက်မိုခမ်းအုပ်ချုပ်ရေးမှူး စိုင်သန်းညွန့်  ကတော့ သူ့နေအိမ်ခြံဝင်း ထဲမှာဘဲ  လွတ်လွတ်လပ်လပ်  ရောင်းနေတယ်” ဟု မြို့ခံတစ်ဦး ကပြောသည်။

နမ့်ခမ်းမြို့တွင် တီဗီဂိမ်းလောင်း ကစားရုံနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဒေါက်တာကျော်အုန်းမှ ယမန်နှစ်က လွှတ်တော်အတွင်း တင်ပြခဲ့ရာ ယနေ့အချိန်ထိ ပိတ်ထားရသော်လည်း တစ်ချို့သော တီဗီဂိမ်းလောင်း ကစားရုံရှိ စက်ပစ္စည်းများ ပြောင်းရွှေ့ခြင်းမရှိသေးကြောင်းနှင့် နောက်ထပ်ပြန်ဖွင့် နိုင်ရန်စီစဉ်နေကြောင်း အဆိုပါမြို့ခံ ကဆိုသည်။

“ဘောလုံးဒိုင်တွေက ကားကိုဟောတစီး ဟောတစီး ပြောင်းစီးနေနိုင်ကြတာ။ လောင်းကစားနေတဲ့သူ တွေက တော့ မွဲသထက် မွဲနေကြတယ်၊ လောင်းကစားနဲ့ မူးယစ်ဆေးဝါး ပေါများလာတာကြောင့် နမ့်ခမ်းမြို့မှာအခု နေ့ခင်း ကြောင်တောင်ရွှေဆွဲကြိုး လုယက်ဓါးပြတိုက်တာတွေ အိမ်ဖောက်ထွင်းခိုးနေတာတွေ မကြာခဏဖြစ် နေတယ်” ဟု ကလေး မိခင် ပါ့နန်းခမ်းက ပြောသည်။

ယခုအခါ နမ့်ခမ်းမြို့တွင် ဘော့လုံးလောင်းကစားရုံအပြင်၊ မူးယစ်ဆေးရာဘစိတ်ကြွဆေးရောင်းသူများ၊ ချဲဒိုင် များ၊ ၃၆ ကောင်ထီဒိုင်များ အားလုံးသည် ပြည်သူ့ရဲနှင့်ပေါင်းပြီး လွတ်လပ်စွာလုပ်ကိုင်နေကြောင်း သိရသည်။