မြန်မာနိုင်ငံ၏ အပြောင်းအလဲကာလတွင် အစိုးရ၏ လုပ်ဆောင်ချက်များကို အားမရကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) အထွေထွေ အတွင်းရေးမှူး ဦးငွေလင်း က ဆိုသည်။
DPNS သည် တရားဝင်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ရန်အတွက် မြန်မာပြည်တွင်း တလတာ လေ့လာခဲ့ရာ လွှတ်တော်အတွင်း ဥပဒေများ ပြင်ဆင်ပြောင်းလဲခြင်းမှာ ပြည်သူများကို အမှန်တကယ် အကာအကွယ်ပေးမှု မတွေ့ရဟု ဆိုသည်။
“အခုလက်ရှိ လယ်ယာမြေဥပဒေတွေက လယ်သမားတွေကို အမှန်တကယ် ကာကွယ်ပေးနိုင်တာတွေကို မတွေ့ရပါဘူး။ ထို့နည်းတူစွာပဲ အလုပ်သမားဥပဒေဟာ ဆိုရင်လည်း အလုပ်သမားသမဂ္ဂတွေ ဖွဲ့ဖို့အတွက် လုံလောက်တဲ့ အနေအထားမှာ မတွေ့ရပါဘူး။ ကျနော်တို့ လူ့ဘောင်သစ်အနေနဲ့ကတော့ ဥပဒေဆိုတာ ပြည်သူတွေ အားလုံး လိုက်နာနိုင်ပြီး အကာအကွယ် ပေးနိုင်ရမယ်လို့ မြင်ပါတယ်။ အခုလက်ရှိ မြင်နေရတဲ့ ဥပဒေတွေကတော့ လူထုတွေ လိုက်နာဖို့ အခက်အခဲ ရှိနေတာတွေကိုတောင် တွေ့ရပါတယ်” ဟု ဦးငွေလင်း က ဆိုသည်။
ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့နှင့် အပစ်ရပ်ရေး လတ်မှတ် ရေးထိုးနိုင်သည့်အတွက် အပြောင်း အလဲကောင်းတရပ် ဖြစ်သော်လည်း သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင် ပြောကြားခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို လူ့ဘောင်သစ်ပါတီ အနေနှင့် လေ့လာဆွေးနွေးကြည့်ရာ တိုင်းရင်းသားများအနေနှင့် အစိုးရ၏ လုပ်ငန်းစဉ် များကို အားမရကြောင်း တွေ့ရှိခဲ့ရသည်ဟု ဦးငွေလင်း က ဆိုသည်။
“ကျနော်တို့ နိုင်ငံရဲ့အပြောင်းအလဲတွေကို လုပ်ဆောင်တဲ့ နေရာမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန် လည် သင့်မြတ်ရေးကို လုပ်ဆောင်ပြီးရင် အစိုးရအနေနဲ့ အခြေခံ လူတန်းစားတွေ အတွက် အာမခံနိုင်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းပေးဖို့ လိုအပ်တယ်လို့ ကျနော်တို့က မြင်ပါတယ်။ ပြည်သူလူထုတွေ အတွက် အမှန် တကယ် အကာအကွယ် ပေးနိုင်တဲ့ ဥပဒေတွေက နေချင်းညချင်း လိုအပ်ပါတယ်။ ဒ့ါအပြင် နိုုင်ငံရဲ့ ရှေ့အနာဂတ်အတွက် ပညာရေးပိုင်းမှာ အများကြီး ပြင်ဆင်သင့်ပါတယ်။ ကျနော်တို့အဖွဲ့အနေနဲ့ ကတော့ မြန်မာနိုင်ငံရဲ့ တက္ကသိုလ်တွေကို ပညာရေးစနစ်ကောင်းနဲ့ ကျောင်းသားတွေအတွက် အမှန်တကယ် ကို စိတ်ချနိုင်တဲ့၊ အဆင့်မီတဲ့ ပညာရေးစနစ်တွေ လုပ်ဖို့လည်း လိုအပ်တယ်လို့မြင်ပါတယ်” ဟု ပြောသည်။
DPNS မှာ ၁၉၈၈ ခုနှစ် အရေးတော်ပုံအပြီး တည်ထောင်ခဲ့သည့် ကျောင်းသားပါတီတခုဖြစ်ပြီး ၁၉၉၀ ရွေးကောက် ပွဲပြီးနောက် လက်နက်ကိုင်တော်လှန်ရေးသို့ ဥက္ကဋ္ဌ ကိုမြင့်ဇော် (ကွယ်လွန်) နှင့်အတူ ဗဟိုကော် မတီ တခုလုံး ကူးပြောင်းသွားခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင် ပယ်ဖျက်ခံထားရသည်။ ထိုင်း-မြန်မာ နယ်စပ်တွင် နှစ် ၂၀ ကျော်ကြာ အခြေစိုက်နေခဲ့သည်။
ယခုအခါတွင် မြန်မာ့နိုင်ငံရေးကို ပြည်တွင်းတွင် လုပ်ကိုင်နိုင်ရန် အစိုးရနှင့် နှုတ်ကတိ ရယူထားပြီး ၆ လ အတွင်း တရားဝင်ပါတီ တရပ်အဖြစ် ပြန်လည်ထူထောင်နိုင်ရန်် အသေးစိတ်ပြင်ဆင်ချက်များ လုပ်ဆောင်နေ သည်ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးငွေလင်း က ဆိုသည်။