ရခိုင်ပြည်နယ်၊ သံတွဲနှင့် ဂွမြို့နယ်များမှ ထွက်သော အုန်းခြံများမှာ သီးထွက်နှုန်း ကောင်းသော်လည်း အုန်းသီးနှင့် အုန်းသား ရောင်းရစျေးနှုန်း ကျဆင်းနေ၍ အရှုံးပေါ်လျက်ရှိကြောင်း ဒေသခံ အုန်းခြံလုပ်ငန်း ရှင်များက ဆိုသည်။
“ဒီအုန်းသီးလုပ်ငန်းကို နှစ် ၃၀ လောက် တောက်လျှောက်လုပ်လာခဲ့တာ ဒီနှစ်က အဆိုးဆုံးပဲ။ အုန်ဆီးစျေး အဆမတန် ကျဆင်းသွားလို့ အုန်းသားနဲ့ အုန်းသီးစျေး ထိုးကျနေတာ ဖြစ်တယ်။ ဝယ်ရတဲ့စျေးနဲ့ ရောင်းရတဲ့ စျေးနှုန်းက တူနေတော့ အမြတ်အစွန်းမရှိဘူး။ လုပ်အားခလည်း ရှုံးတယ်။ အုန်းသားစျေးတွေ ကျဆင်းလာလို့ အုန်းသီး အဝယ်ဒိုင်တွေလည်း မရှိသလောက် ဖြစ်ကုန်တယ်” ဟု သံတွဲမြို့နယ်၊ လင်းသာရွာမှ အုန်းသီးလုပ်ငန်းရှင် ဒေါ်ခင်ဝင်း က ပြောသည်။
ရခိုင်ပြည်နယ်တွင် အုန်းခြံလုပ်ငန်း လုပ်ကိုင်သူ အများစုမှာ သံတွဲမြို့နယ်တွင် ငပလီ၊ လင်းသာ၊ မြပြင်၊ ဂျိတ္တော၊ လုံးသာ ကျေးရွာများနှင့် ဂွမြို့နယ်တွင် မကျည်းငူ၊ ရွှေယဂျိုင်၊ သင်ပေါင်းတော၊ တာလောင်ကြီး၊ တောင်ပေါက်၊ ကျောက်ချွန်ကျေးရွာများ ဖြစ်ကြသည်။
အုန်းသားစျေး ကျဆင်းလာရခြင်း၏ အဓိက အကြောင်းရင်းမှာ အုန်းဆီစျေး ကျခြင်းနှင့်အတူ နိုင်ငံခြားမှ ဝယ်သူ မရှိခြင်းကြောင့်လည်း ဖြစ်ရသည်ဟု ဂွမြို့နယ်၊ ကျောက်ချွန်ရွာမှ အုန်းခြံ လုပ်ငန်းပိုင်ရှင်တဦးက ဆိုသည်။
“အရင်နှစ်တွေက အုန်းဆီစျေး ကောင်းတော့ အုန်းသား ရောင်းရတာ အဆင်ပြေတယ်ဗျ။ တရုတ်တွေ ဝယ်တဲ့နှစ်ကဆိုရင် ကျနော်တို့ အုန်းသားရောင်းသူတွေရဲ့ ရွှေနှစ်လို့တောင် ပြောရမယ်။ စျေးကောင်း ရတဲ့ နှစ်ပေါ့ဗျာ” ဟု ပြောသည်။
၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံမှ ဝယ်ယူသဖြင့် အုန်းသီးတလုံးကို ၈၀ ကျပ်မှ ၁၀၀ ကျပ်အထိ ရရှိခဲ့ပြီး ယခုနှစ်တွင် တလုံးလျှင် ၃၀ ကျပ်စျေးသာ ရှိကာ အုန်းဆီစျေးမှာလည်း တပိဿာလျှင် ၃,၇၀၀ ကျပ်မှ ၁,၅၀၀ ကျပ်ထိ ကျဆင်းလာခဲ့သည်။
ဂွမြို့နယ်တွင် အုန်းသီးလုပ်ငန်း ဆောင်ရွက်သူများမှာ အုန်းသား ထုတ်လုပ်ရောင်းချခြင်းအပြင် အုန်းသီးခွံမီးသွေး ထုတ်လုပ်ခြင်းကို ပါပူးတွဲလုပ်ကိုင်သဖြင့် အုန်းသီးစျေးကျ၍ အလွန်အမင်း ထိခိုက်မှုမရှိဟု ဆိုသည်။
“ကျနော်တို့ဒေသမှာက အုန်းသီးခွံကို မီးသွေးဖုတ်တယ်။ ပြီးတော့ ပိဿာ ၃၀ ဝင် အိတ်နဲ့ ထည့်ပြီး ရန်ကုန် ဘုရင့်နောင်ပွဲရုံကို ပို့တယ်။ ရန်ကုန်စျေးကွက်မှာ မဆိုးဘူးဗျ။ အုန်းသား ရောင်းတာထက်တောင် မြတ်သေးတယ်” ဟု ကျောက်ချွန်ရွာမှ အုန်းသီးခွံမီးသွေး ထုတ်လုပ်သူ ကိုဇော်မင်းနိုင် က ပြောသည်။
အုန်းသီးခွန် မီးသွေးမှာ ရန်ကုန်စျေးကွက်တွင် တပိဿာလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
အုန်းသီးမှာ ရခိုင်ဒေသ၏ အရေးပါသော ထွက်ကုန်ဖြစ်ပြီး အုန်းသားမှ အုန်းဆီ၊ အလှကုန် ပစ္စည်း မျိုးစုံနှင့် ဖယောင်းတိုင်လည်း ထုတ်လုပ်သလို၊ အုန်းသီးခွံမှ တံမြက်စည်း၊ အုန်းဆံကြိုး၊ မီးသွေး၊ ခြင်ဆေးခွေ စသည့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးကိုလည်း ထုတ်လုပ်ကြသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)ခေတ်တွင် ငပလီဒေသ၌ အမှတ်(၁) စက်မှုဝန်ကြီးဌာနမှ ဖယောင်းတိုင် စက်ရုံ ဆောက်လုပ်လျက် ဒေသထွက် အုန်းသီးများကို ဝယ်ယူခဲ့ရာ အုန်းခြံ လုပ်ငန်းများ ပုံမှန် လည်ပတ်ခဲ့သော်လည်း အဆိုပါစက်ရုံ ဖျက်သိမ်းလိုက်ပြီးနောက် အုန်းဆီ ထုတ်လုပ်ခြင်းကို ပုဂ္ဂလိကမှ လုပ်ကိုင်ကာ အုန်းသား၊ အုန်းဆီနှင့် မီးသွေးများကို ရန်ကုန် စျေးကွက်သို့ တိုက်ရိုက်ပို့ဆောင် ရောင်းချလာကြသည်။
ရခိုင်ဒေသတွင် အုန်းခြံများ လျော့ပါးလာနေကြောင်းလည်း လင်းသာရွာမှ ဒေါ်ခင်ဝင်း က “ဟိုတုန်းက ဒီဒေသမှာ အုန်းခြံတွေ အများကြီးရှိခဲ့တယ်။ နောက်ပိုင်း ဟိုတယ်ဇုံတွေ လုပ်တာ၊ စစ်တပ်က သိမ်းတာတွေ ကြောင့် အုန်းခြံတွေ တဖြည်းဖြည်း ပျောက်ကုန်တယ်။ ရခိုင်ကမ်းရိုးတန်း အလှကို ပုံဖော်ပေးတဲ့ ဒီအုန်းပင် တွေကို မမြင်ရတော့မှာကို အရမ်းစိုးရိမ်မိတယ်” ဟု ပြောသည်။