ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ဒေသခံ အယောက် ၂၀၀၀ ကျော်က ၂၀၁၃ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ ့ နံနက် ၁၀နာရီကစပြီး လျှပ်စစ်မီး ၂၄ နာရီရရှိရေးအတွက် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်ဟုသိရသည်။
ဒေသခံအယောက် ၂၀၀၀ ကျော်တို့သည် ဟားခါးမြို့ ပူးဝမ်းသူမောင် အားကစားကွင်းမှ ချင်းပြည်နယ် အစိုးရရုံးရှေ့ အထိ လျှပ်စစ်မီးရရှိရေး တောင်းဆိုတဲ့ပိုစတာများ ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး မွန်းလွှဲပိုင်း ၁ နာရီတွင် ဆန္ဒပြပွဲကို ငြိမ်းချမ်းစွာအဆုံး သတ်ခဲ့ကြ သည်ဟု ဆန္ဒပြပွဲမှာပါ၀င်သူတဦးက ပြောသည်။
“ပြည်နယ်တခုရဲ့ မြို့တော်ဖြစ်ပြီးမှ ၄ ညခြားနဲ့လျှပ်စစ်မီးပေးပါတယ်၊ ဒါကြောင့် ကျနော်တို့ဒေသ ခံတွေအား လုံးက မကျေနပ်လို့ ခုလိုဆန္ဒပြရတာဖြစ်တယ်’’ ဟုအထက်ပါဒေသခံကပြောသည်။
ဟားခါးမြို့ဒေသခံများက လျှပ်စစ်မီးကို ၄ ညခြားစီရရှိနေသည့်အချိန်တွင် အစိုးရရုံး၊ ဘုန်းကြီးကျောင်း၊ ရဲ ၊ စစ်တပ် ပိုင် နယ်မြေများမှာမူ လျှပ်စစ်မီး အချိန်ပြည့် ရရှိနေကြကြောင်း ဒေသ ခံကပြောသည်။
ချင်းပြည်နယ် အစိုးရဘက်ကတော့ ဟားခါးမြို့ပေါ်တွင် လူဦးရေ နှင့် အိမ်ခြေတိုးလာပြီး လျှပ်စစ် ဓာတ်အား မလုံ လောက် မှုကြောင့် ယခုကဲ့သို့ အခက်အခဲကြံုနေရခြင်းဖြစ်သည်ဟု ပြောသည်။
ယခုလက်ရှိ ဟားခါးမြို့အနေအထားအရ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ၁၂၀၀ ကီလိုဝဂ် ခန့်ဖြစ်ပြီးလက်ရှိ တွင် လျှပ်စစ်ဓာတ်အား ကီလိုဝဂ် ရ၀၀ သာရှိသည်ဟုသိရသည်။
ချင်းပြည်နယ်ရဲ့ လူမှုရေးဝန်ကြီး ဦးဗန်ထောင်းက “ကျနော်တို့ ပြည်ထောင်စု အစိုးရနဲ့ ပူးပေါင်းပြီး ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်သွားမှာပါ၊ အနည်းဆုံးအဆင့်အနေနဲ့ လျှပ်စစ်မီးကို ၂၄ နာရီ မပေးနိုင်ရင် တောင်မှ ၂ ညခြား လောက်တော့ ပေးနိုင်အောင် စီစဉ်ဆောင်ရွက်သွားမှာပါ’’ ဟု ပြောသည်။