မြန်မာပိုင်နက် အသုံးပြုပြီး အိန္ဒိယနိုင်ငံနယ်စပ် မိုးရေးမြို့အား တိုက်ခိုက်သူများအား မြန်မာဘက်မှ အရေးယူ
ဖော်ထုတ်ပေးရန် မဏိပူပြည်နယ် လွှတ်တော်အမတ် D Korungthang က ပြည်နယ်အစိုးရနှင့် အိန္ဒိယဗဟို အစိုးရ အား ပန်ကြားမည်ဖြစ်ကြောင်း သိရသည်။
မကြာမီက မိုးရေးမြို့ တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုတွင် ပါ၀င်ပါတ်သက်သူများအား ဖမ်းဆီး အရေးယူ
ဆောင်ရွက်ပေးပါရန်၊ မိုးရေးမြို့မှ ဒေသခံ အရပ်ဖက်အဖွဲ့အစည်း ၅ ဖွဲ့နှင့်၊ ပြည်နယ်အစိုးရ အရာရှိကြီးများ တွေ့ဆုံစဉ် ဗုဒဟူးနေ့က ထိုသို့ ပြောကြားလိုက်ကြောင်း ပြည်နယ်ထုတ် သတင်းစာက ဖော်ပြသည်။
မည်သူ့လက်ချက်မှန်း မသိရှိရသော်လည်း မိုးရေးမြို့ရှိ တောင်တန်းသားများ ကောင်စီ HTC ဥက္ကဋ္ဌ Jangmang Haokip ၏ နေအိမ်တွင် ဇန်နဝါရီက ၁၄ ရက်နေ့က ပြင်းထန်သော ဗုံးပေါက်ကွဲခဲ့သည်။
ဖောက်ခွဲသူများသည် မြန်မာနိုင်ငံဘက်ခြမ်း နန့်ဖာလုံစျေး ဘက်သို့ ထွက်ပြေး ဝင်ရောက်သွားကြောင်း ပြည်နယ်ထုတ် သတင်းစာသို့ မျက်မြင်များက ပြောဆိုထားသည်။
ယခင် စစ်အစိုးရ လက်ထက်တွင် အိန္ဒိယအစိုးရက မြန်မာအစိုးရတပ်များကို လက်နက်များထောက်ပံ့ကာ မြန်မာနိုင်ငံအရှေ့မြောက် သူပုန်များအား တိုက်ထုတ်ပေးရန် အမြဲတစေ တိုက်တွန်းတောင်းဆိုမှုများ ရှိနေခဲ့ကြောင်း အိန္ဒိယ-မြန်မာ နယ်စပ်မှ မြန်မာ့ဒီမိုကရေ စီရေးလှုပ်ရှားသူ ကိုသူရက ပြောသည်။
“အိမ်နီးချင်းနိုင်ငံ တခုကို ခှိုလှုံပြီးတော့မှ အခြားနိုင်ငံထဲဝင်ပြီးတော့ လက်နက်ကိုင် အကြမ်းဖက် လှုပ်ရှားမှုတွေ လုပ်တယ်ဆိုလို့ရှိရင် အလုပ်ခံရတဲ့ တိုင်းပြည်ကတောင်းဆိုမှု လုပ်မှာပဲလေနော်၊ ဒါပေမယ့် ဒီဟာက လုပ်ရိုးလုပ်စဉ် တခုလောက်ဘဲဖြစ်မှာပါ ထူးခြားတဲ့ ရလဒ်တခု ပေါ်ထွက်မယ် မထင်ပါဘူး” ဟု ဆိုသည်။
မိုးရေးမြို့မှ အပြစ်မဲ့ ပြည်သူများကို ထိခိုက်စေခဲ့သည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ကျူးလွန်မှုများသည် အရှေ့မြောက်လက်နက်ကိုင် အဖွဲ့အစည်း များ၏ လက်ချက်ဟု ဒေသခံ အရပ်အဖွဲ့အစည်းများက တွက်ဆကြောင်း သတင်းစာက ဖော်ပြသည်။
အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုအား စုံစမ်းဖော်ထုတ်ပေးရန် မိုးရေးမြို့မှ ကျောင်းသားအဖွဲ့များနှင့် အမျိုးသမီး အဖွဲ့များက ဗုဒ္ဓဟူးနေ့က နယ်စပ်ဂိတ်တွင် ထိုင်သပိတ်် ဆင်နွှဲ တောင်းဆိုခဲ့ကြသည်။
နယ်စပ် ကုန်သွယ်ရေး အရေးပါသည့် မိုးရေးမြို့အား မြန်မာနိုင်ငံဘက်အခြမ်း နန့်ဖာလုံ ဘက်မှ မကြာခဏ ဆိုသလို ၀င်ရောက်တိုက်ခိုက်မှုများ ကြံုတွေ့ နေရခြင်းကြောင့် ဒေသခံများ စိုးရိမ်ပူပန်မှု များ ဖြစ်ပေါ်နေ သော်လည်း နယ်စပ်မြို့ဖြစ်သည့် အတွက် အရောင်းအဝယ် ကိစ္စရပ်များ ဆက်ရှိနေဦးမည်ဖြစ်ကြောင်း နယ်စပ်ကုန်သည်ကြီးတဦးက မဇ္စျိမကို ပြောဆိုသည်။
၎င်းက “ဖြစ်နေတုန်း ဂိတ်ကို ၃ ရက်လောက်ပိတ်လိုက်၊ ၅ ရက်လောက်ပိတ်လိုက်နဲ့ နောက် ပုံမှန် ပြန်ဖြစ် တာပဲ အရောင်းအဝယ်သမားကတော့ နှစ်နိုင်ငံကြားမှာ အရောင်းအဝယ်လုပ်နေမှာပဲ။ အစိုးရ တဘက်က အရေးမယူရင်တော့ နယ်စပ်မှာ လှုပ်ရှားနေတဲ့ သူတွေ(သူပုန်)ကတော့ ဒီအတိုင်းဘဲ လှုပ်ရှားနေမှာပဲဒါက တော့ ထုံးစံပဲ” ဟု ပြောဆို သွားသည်။