လိုင်ဇာမြို့အနီး တိုက်ပွဲများ ပြင်းထန်လာသဖြင့် စစ်ပြေးဒုက္ခသည်များ စိုးရိမ်နေ

လိုင်ဇာမြို့အနီး တိုက်ပွဲများ ပြင်းထန်လာသဖြင့် စစ်ပြေးဒုက္ခသည်များ စိုးရိမ်နေ
by -
မဇ္စျိမ

အစိုးရတပ်နှင့် KIO အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ပစ်ခတ်သံများ လိုင်ဇာမြို့နှင့် ပိုမို နီးကပ်ကြား လာရသဖြင့် စစ်ပြေးဒုက္ခသည်များ တိမ်းရှောင်ရန် နေရာ မရှိသဖြင့် စိုးရိမ်မှုများနှင့် နေထိုင်နေရသည်ဟု  KIO မှ စစ်ပြေးဒုက္ခသည်များကူညီ စောင့်ရှောက်ရေး တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။

သားကို လက်ငင်၊ လင်ကို လက်တို့၊ ခွေးကို အို့ခေါ်...” ကချင်ပြည်နယ်၊ လိုုင်ဇာရှိ ဒုုက္ခသည် စခန်းတခုုအနီး စစ်ဘေးရှောင် ဒုုက္ခသည်များကိုု ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ လဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံု - ဂျွန်စံလင်း၊ မဇ္စျိမ)

လိုင်ဇာနှင့် ၉ မိုင်ကွာဝေးသည့် ခရာဘွမ် ကျေးရွာအနီးတွင်လည်း မြေပြင်တိုက်ပွဲများ ၄ ရက်ဆက်တိုက် ဖြစ်ပွားလျှက်ရှိပြီး လိုင်ဇာနှင့် ၆ မိုင်ကွာဝေးသည့် အခြားကျေးရွာတရွာဖြစ်သည့် လဝါယန်ကျေးရွာအနီးတွင်မူ မြေပြင် တိုက်ပွဲများသာမက အစိုးရ စစ်တိုက်လေယာဉ်များပါ ယမန်နေ့ညပိုင်းက ကူညီပစ်ခတ်ပေးခဲ့သည်ဟု ဦးဒွဲပီဆားက ပြောသည်။

“တိုက်ပွဲပြင်းထန်နေလို့ သတိနဲ့ နေနေရတယ်။ ကျနော်တို့က မပြောင်းရွှေ့အောင် လုပ်နေတာ။ အစိုးရဘက်က လဂျားယန် လုန်ရောတ်ဆိုတဲ့ သူတို့စခန်းကနေ ဒီကျနော်တို့ဘက် မနေ့က ကတည်းက ထိုးစစ်ဆင်နေတယ်။ နောက် ခရာဘွမ်ဘက်တော့ ၄ ရက်ရှိပြီ လေကြောင်းနဲ့ နေ့တိုင်းပစ်ကူနေတယ်”ဟု ဦးဒွဲပီဆားက ပြောသည်။

သူက ဆက်ပြီး “တိုက်ပွဲ ပြင်းထန်လာရင်တော့ ခုနေနေတဲ့ လိုင်ဇာမှာ ဆက်နေနိုင်မလား၊ မနေနိုင်တော့ဘူးလား၊ ဒီနေရာမှာ မနေရတော့ဘူး ဆိုရင် ကျနော်တို့အတွက် ပိုပြီး ခက်ခဲလာမယ်။ ပိုပြီး စိုးရိမ်စရာ ဖြစ်လာမှာကို စိုးရိမ်နေတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ထို့ပြင် ယမန်နေ့ည ၁၁ နာရီထိ လက်နက်ကြီးသံများကြောင့် လိုင်ဇာမြို့နေအိမ်များပင် တုန်ခါမှုများ ဖြစ်ပွားခဲ့ပြီး ယနေ့ နံနက်တွင်လည်း ပစ်ခတ်သံများ လိုင်ဇာမြို့နှင့် ပိုမိုနီးကပ်လာ သကဲ့သို့ ကြားရသဖြင့် စစ်ပြေးဒုက္ခသည်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေသည်ဟု လိုင်ဇာမြို့ခံ တဦးက ပြောသည်။

“မနေ့က ပိုဆိုးနေတယ်။ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်တယ်။ လဝါယန်အနီးမှာ အစိုးရ စစ်သားတချို့ ညှပ်မိတယ်၊ ကေအိုင်အေဘက်က ပြန်တိုက်နေတယ်။  ခရာဘွမ်ဘက်၊ လဂျားယန်ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ ခုလည်း အသံကြားနေရတယ်။ ဒီမှာရှိတဲ့လူတွေက တရုန်းရုန်းဖြစ်နေပြီး တချို့လူတွေ ဒီမှာ နေလို့ မရတော့ဘူး ထင်တယ်ဆိုပြီး ကြောက်နေကြတယ်”ဟု အဆိုပါ လိုင်ဇာမြို့ခံက မဇ္စျိမကို ပြောသည်။

တိုက်ပွဲပြင်းထန်လာခြင်းကြောင့် ယခုရက်ပိုင်းအတွင်း လိုင်ဇာမြို့ အနီးအနားရှိ ကျေးရွာများမှ စစ်ပြေး ဒုက္ခသည်များ ထပ်မံ တိုးမြင့်လာသဖြင့် KIO နယ်မြေ တရုတ်-မြန်မာနယ်စပ် တလျှောက် စစ်ပြေးဒုက္ခသည်ပေါင်း ရ သောင်းခန့် ရှိနေပြီဟု ခန့်မှန်းထားသည်ဟု စစ်ပြေးဒုက္ခသည်များကူညီ စောင့်ရှောက်ရေး တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။

ထိုပြင် ယခင်က လိုင်ဇာမြို့သို့ လာရောက် ခိုလှုံနေသော စစ်ပြေး ဒုက္ခသည်ပေါင်း ၁၄,၀၀၀ ရှိ ရာမှ ယခု လိုင်ဇာ မြို့ခံ ၆,၀၀၀ ကျော်ကိုလည်း ဇန်နဝါရီလမှစတင်၍ စစ်ပြေးဒုက္ခသည်များအဖြစ် ကူညီထောက်ပံ့ ပေးနေရသည်ဟု သူက ဆက်ပြောသည်။

ယခုလ ၁၄ ရက်နေ့က လိုင်ဇာမြို့ပေါ် လက်နက်ကြီး ကျရောက်၍ ဒုက္ခသည် (၃) ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်းနှင့် “လိုင်ဇာကို လက်နက်ကြီး ကျရောက်လို့ လူတွေ သေရလို့ အဲဒီမှာနေတဲ့ လူတွေကိုလည်း ဒုက္ခသည်စခန်းဘက် ပြောင်းရွှေ့လိုက်တယ်။ လိုင်ဇာမြို့ခံတွေကလည်း တခြားနေရာ မထွက်ပြေးရပေမဲ့ အသက်မွေးဝမ်းကြောင်း မလုပ်နိုင်တော့လို့ စစ်ပြေးဒုက္ခသည် စာရင်းထဲထည့်ပြီး ဒုက္ခသည်လို ထောက်ပံ့ပေးနေရတယ်”ဟု သူက မဇ္စျိမကိုပြောသည်။

ထို့ပြင် လိုင်ဇာမြို့ပေါ်ရှိ အထက်တန်းကျောင်း တကျောင်း၊ အလယ်တန်းကျောင်း နှစ်ကျောင်း၊ မူလတန်းကျောင်း တကျောင်း တို့အား ဒီဇင်ဘာလ ကျောင်းပိတ်ရက်မှ ယနေ့ထိ ပိတ်ထားလိုက်ရသဖြင့် ကျောင်းသူ၊ ကျောင်းသားပေါင်း ၂၄၀၀ ခန့် ကျောင်းတက်နိုင်ခြင်း မရှိတော့ကြောင်း သူက ဆက်ပြောသည်။

စစ်ပြေး ဒုက္ခသည်များအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC နှင့် ကက်သလစ်အသင်းတော်မှ ဂရုနာအဖွဲ့ တို့က ပုံမှန်ကူညီထောက်ပံ့ ပေးနေသော်လည်း ယခုလအတွင်း တိုက်ပွဲများ ပြင်းထန်လာသဖြင့် တခြားအလှူရှင်များ လာရောက် ကူညီမှုများ လျော့နည်းသွားသည်ဟု ဆိုသည်။

Most read this week