အစိုးရတပ်မှ KIO/KIA ဋ္ဌာနချုပ်တည်ရှိရာ တရုတ်နယ်စပ်အနီး လိုင်ဇာမြို့ တစ်ဝိုက်ရှိ KIA စခန်း များအား ဒီဇင်ဘာလလယ်ပိုင်းမှစ၍ ထိုးစစ်ဆင် တိုက်ခိုက်နေရာ ယခုအခါ ကချင်ပြည်နယ် နေရာအနှံ့တွင် တိုက်ပွဲ များပြင်းထန် စွာ ဖြစ်ပွားနေပြီး နှစ်ဘက်စစ်ရေးရေချိန် မြှင့်တက်နေကြောင်း သိရသည်။
အစိုးရဘက်မှ လိုင်ဇာဒေသ ထိုးစစ်အတွက် စစ်တပ်များ ကချင်ပြည်နယ်အတွင်းသို့ အဆက်မပြတ် ပို့ဆောင် နေပြီး ယခင်က တိုက်ပွဲ မဖြစ်သေးသည့် ဒေသများ၌ပါ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
ဧရာဝတီမြစ် အနောက်ဘက်ခြမ်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်တွင် ယနေ့နံနက်ပိုင်းက KIA နှင့် အစိုးရ တပ်များတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဗန်းမော်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ဒီမနက်ပိုင်းမှာ ရွှေကူနဲ့မိုးဒါးကြားမှာ တိုက်ပွဲဖြစ်နေတယ်၊ မနေ့ညနေ ၄ နာရီခွဲလောက်က ဗန်းမော်မြို့ ကွန်ပြူတာ တက္ကသိုလ်ကျောင်းရှေ့မှာ မိုင်းတစ်လုံးကွဲတယ်၊ သုံးဘီးသမားတစ်ယောက် လက်နဲ့ခြေထောက်မှာ ဒဏ်ရာရပြီး ဆေးရုံ တင်ထားရတယ်” ဟု ၄င်းမြို့ခံကပြောသည်။
အဆိုပါတက္ကသိုလ်ရှေ့ ပေါက်ကွဲခဲ့သည့် ဗုံးနှင့် ပတ်သက်၍ မည်သည့်အဖွဲ့ လက်ချက်ဖြစ်သည်ကို မသိရသေးပေ။
အစိုးရတပ်များ ကချင်ပြည်နယ်အတွင်းသို့ အဆက်မပြတ်ပို့ဆောင်နေမှုနှင့် ပတ်သက်၍ တရုတ်နယ်စပ် စစ်ရေးနိုင်ငံ ရေး စောင့်ကြည့် လေ့လာသူ ဦးအောင်ကျော်ဇောက ယခုလိုဆိုသည်။
“ဗမာအစိုးရဘက်က တပ်တွေကို တစ်သုတ်ပြီး တစ်သုတ်ထပ်တင်နေတယ်၊ အဲလိုတင်နေတာက စစ်ရှိန်လျှော့မယ်ဆို တာမဖြစ်နိုင်ဘူးလို့ ထင်တယ်၊ လွန်ခဲ့တဲ့ ၅ ရက်လောက်က နတခ တပ်တွေ သင်္ဘောနဲ့ ဗန်းမော်ကို ထပ်ရောက်တယ်၊ တပ်မ ရ၇ တပ်တွေလည်းရောက်နေပြီ အခုသိရတာက ဒီလ ၂၀ ရက်နေ့ လိုင်ဇာကို အရသိမ်းမယ်ဆိုပြီး ဗမာအစိုးရ ဘက်က ကြိုးပမ်းနေတယ်” ဟု ဆိုသည်။
ထို့သို့ အစိုးရတပ်များ ပို့ဆောင်နေချိန်တွင် ယမန်နေ့က တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ် သည့် ဗန်းမော် - လွယ်ဂျယ်လမ်း စိန်လုံအနီးတွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယာဉ်အသွား အလာများခေတ္တရပ် ဆိုင်းသွားကြောင်း လွယ်ဂျယ် ဒေသခံ တစ်ဦးကလည်းဆိုသည်။
“စိန်လုံကမ္ဘာပေါ့ ၂၄ မိုင်နားမှာ မနေ့က တစ်နေကုန် တိုက်ပွဲဖြစ်တယ် ဆိုင်ကယ်တွေ ကားတွေမတက်နိုင် ဘူး ဒီနေ့မှ ကားတွေ ပြန်သွားနိုင်တယ်။ ၂၈ မိုင်နားက ထမင်းဆိုင်တွေကိုတော့ စစ်ဖြစ်နေလို့ဆိုပြီး အစိုးရ တပ်က အိမ်ပြန်ခိုင်း လိုက်ပြီ” ဟု ဒေသခံက ဆိုသည်။
အလားတူ KIO/KIA ဋ္ဌာနချုပ် လိုင်ဇာမြို့နှင့် ရ မိုင်ခန့်အကွာ လဝါးယန်အနီးတွင် ယမန်နေ့မှ စ၍နှစ်ဘက်တိုက် ပွဲများ ယနေ့ အထိ ဖြစ်ပွားနေရာနှစ် ဘက်ထိခိုက်ကျဆုံးမှုများရှိကြောင်း ကျောင်းသားတပ်မ တော်မှ ရှေ့တန်းရောက် တပ်မှူးတစ်ဦး ကပြောသည်။
KIA နှင့် အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေချိန် တရုတ် - မြန်မာနယ်စပ် အဓိက ကုန်သွယ် ရေးလမ်းတစ်ခုဖြစ်သည့် မူစယ် - မန္တလေးလမ်းပေါ်တွင် အစိုးရဘက်မှ စစ်ဆေးမှုများတင်းကြပ်စွာ ပြုလုပ်နေရာ ယမန် နေ့ကစ၍ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။