ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲအဆင့်တိုးမြင့်လာနေမှု အမြန်ဆုံးရပ်တန့်အောင် အစိုးရမှဆောင်ရွက်ပေးရန် သျှမ်းပြည် အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း ၃ ခုမှ ပူးတွဲကြေငြာချက် ထုတ်ပြန်လိုက်သည်။
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၂ ပန်ဆန်းအခြေစိုက် UWSP / UWSA၊ သျှမ်းပြည်အလယ်ပိုင်း ဝမ့်ဟိုင်းအခြေစိုက် အထူးဒေသ ၃ (SSPP/SSA)၊ သျှမ်းပြည်နယ် အရှေ့ပိုင်း အထူး ဒေသ ၄ မိုင်းလား အခြေစိုက် အဖွဲ့တို့ ပူးပေါင်း၍ ကချင်ပြည်နယ်တိုက်ပွဲ များရပ်တန့်ရန် တရုတ်၊ အင်္ဂလိပ်၊ မြန်မာ ဘာသာ တို့ဖြင့် ကြေငြာချက်တစောင် ထုတ်ပြန်လိုက်သည်။
“ဟုတ်ပါတယ် ကျနော်တို့ ၃ ဖွဲ့ တွေ့ဆုံပြီးတော့မှ ဒီကချင်ပြည်နယ် တိုက်ပွဲတွေရပ်တန့်ပေးဖို့ အစိုးရကို တိုက်တွန်းတာပါ။ ကျနော်တို့တိုင်းရင်းသားတွေ လွတ်လပ်ရေး ရပြီးကတည်းက ခုချိန်ထိ နှစ်ပေါင်း ၆၀ ကျော်ကာလ အေးအေးချမ်းချမ်း မနေရသေးဘူး။ အစိုးရရဲ့ မြန်မာ့တပ်မတော်ကနေ တိုင်းရင်းသားတွေအပေါ် စစ်အင်အားသုံးတိုက်ခိုက်နေတာကို သမ္မတ ဦးသိန်းစိန် အစိုးရကနေ မြန်မာနိုင်ငံ ဗဟိုအစိုးရရဲ့ ဝတ္တရားအရ တားဆီးပေးဖို့ပေါ့နော်။ နှစ်ပေါင်း ၆၀ ကျော် ခံစားခဲ့ရတဲ့ ဇာတ်ဆွေးကြီးကို အစိုးရကနေ ဖြစ်သမျှ နည်းပေါင်းစုံနဲ့ ပြန်ပေါ်မလာအောင် တားဆီးပေးဖို့ အလေးအနက်တိုက်တွန်း ထားတဲ့ ကြေငြာချက်ဖြစ်ပါ တယ်” ဟု ဝ ပြည် အထူးဒေသ ၂ မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့် ခေါ် လီဂျူးလျဲ့က ပြောသည်။
လွတ်လပ်ရေး ရပြီးချိန်ကစ၍ ယခုအချိန်အထိ နှစ်ပေါင်း ၆၀ ကာလအတွင်း တိုင်းရင်းသားများနှင့် အစိုးရအကြား ယုံကြည် မှုမရှိခဲ့သဖြင့် တိုင်းပြည်စီးပွါးရေးချွတ်ခြုံကျကာ စစ်မီးတောက်လောင် ခဲ့ရသည်ဟုလည်း ကြေငြာချက် တွင်ဖော်ပြထားသည်။
“သမ္မတကြီးအနေနဲ့ တိုင်းရင်းသားအငြင်းပွါးမှုကို ပြေငြိမ်းစေပြီးသင့်မြတ်စွာနေထိုင်နိုင်ရေးအတွက် လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ အပစ်ရပ် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ကြိုးပမ်းတယ်။ မြန်မာကို ကမ္ဘာက သိလာပြီးတော့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေလဲ လျှော့ပေးတယ်။ အခုလို အရေးကြီးတဲ့ကာလမှာ မြန်မာ့တပ်မတော်ကနေ KIA အပေါ် ထိုးစစ်ဆင်နေမှုတွေကို ရပ်စဲပေးသင့်ပြီ။ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ အချိန်တန်ပြီလို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်” ဟုလည်း ဦးအောင်မြင့်က ပြောဆိုသည်။
နိုင်ငံတော်မှ ခွဲထွက်ခြင်းမပြုသည့်ကြိုတင်မူဘောင်အောက်တွင် မြန်မာ့တပ်မတော်မှ KIA ကချင်တပ်မတော် အား ရည်စူးသည့် စစ်ဆင်ရေးကို ချက်ချင်းရပ်စဲကာ နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးရေး ပြန်လည် စတင်ရန် အဆိုပါ ကြေငြာချက်၌ ဖော်ပြ ထားသည်။
ဂျန္နဝါရီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ယင်းကြေငြာချက်အား တရုတ်ဘာသာဖြင့် ယခုလ ၁၂ ရက်နေ့၌ လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် ၁၄ ရက်နေ့တွင် လည်းကောင်း၊ မြန်မာဘာသာဖြင့် ၁၅ ရက်နေ့က လည်းကောင်း ထုတ်ပြန်ခဲ့သည်။