ရခိုင်တမျိုးသားလုံး ညီညွှတ်ရေးကို အကြောင်းပြုပြီး ၄ ရက်ကြာ ပြုလုပ်ကျင်းပသည့် ညီလာခံကြီးမှ သဘောတူညီချက် ၆ ချက်ရရှိကြောင်း သိရသည်။
“ရခိုင်လူမျိုးတွေ ညီညွှတ်ရေးအတွက် ကြိုးစားလာတာကြာပြီ။ ဒါပေမဲ့ တည်ဆောက်တိုင်း ပြိုကွဲခဲ့ တယ်။ ကျမတို့ တိုင်းပြည်မှာ နိုင်ငံရေး အခြေအနေ ပွင့်လင်းလာစရှိပြီ။ ဆုံးဖြတ်ချက်ချတဲ့အခါမှာ လည်းတမျိုး သားလုံးနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်ချဖို့လိုတယ်။ ဒါကြောင့် ညီညွှတ်ရေးကို အကြောင်းပြုပြီးညီလာခံပြု လုပ်ရတာ ဖြစ်ပါတယ်” ဟု ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ စောမြရာဇာလင်း က ပြောသည်။
ရခိုင်တမျိုးသားလုံး ညီလာခံကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှ ၁၄ ရက်ထိ ၄ ရက်ကြာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့ရာ ရဟန်းသံဃာအဖွဲ့၊ ရခိုင်နိုင်ငံရေးပါတီ၊ လူမှုအခြေပြုအဖွဲ့အစည်း၊ အမျိုး သမီးအဖွဲ့ စသည့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
“ရခိုင်တိုင်းရင်းသား ညီညွတ်ရေးဆောင်ရွက်ဖို့ အဓိကဆွေးနွေးတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်တွင်းက အဓိကရုဏ်းကိစ္စ၊ ရှေးဆက် ဘယ်လိုလုပ်ဆောင်သွားကြမလဲဆိုတာ စုံစုံလင်လင် ဆွေးနွေး ခဲ့ကြပါတယ်” ဟု စောမြရာဇာလင်း က ဆိုသည်။
ညီလာခံကြီးမှ ရရှိလာသည့် သဘောတူညီချက် ၆ ချက်မှာ -
၁) ရခိုင်တို့၏ ကံကြမ္မာကို ရခိုင်တို့ ဖန်တီးနိုင်ရေးမူအပေါ်တွင် ညီညွှတ်စွာ လက်တွဲလုပ်ဆောင်ရန်သဘောတူ ကြ သည်။
၂) ရခိုင်တမျိုးသားလုံး ညီညွတ်ရေးအတွက် ဆက်လက်လုပ်ဆောင်ရန် ရခိုင်အမျိုးသားညီညွတ်ရေး အကျိုးဆောင်ကော်မတီတရပ်ကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။
၃) တရားမဝင်ခိုးဝင်လာသည့် ဘင်္ဂလီများနှင့် ပတ်သက်၍ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသား စီစစ်ရေး လုပ်ငန်းများကို မှန်ကန်စွာ ပြုလုပ်ပြီး ဥပဒေနှင့်အညီ အမြန်ဆုံးဆောင်ရွက်ရန် လက်ရှိမြန်မာနိုင်ငံ အစိုးရအား တောင်းဆိုသည်။
၄) ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သော ရသေ့တောင် လူထုအစည်း အဝေးမှ ဆုံးဖြတ်ချက်များ၊ ကန့်ကွက်ချက်များနှင့် အဆိုပြုချက်များကို ထောက်ခံသည်။ ထို့အတူ တောင်ကုတ်မြို့ ရခိုင်ကွန်ယက်၏ ပထမအကြိမ် ၁၈ မြို့နယ် ညီလာခံမှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့စွဲဖြင့် သဘောထားထုတ်ပြန်ချက်ကိုလည်း ထောက်ခံသည်။
၅) ပြည်တွင်း/ပြည်ပ ရခိုင်လူမျိုးများ နေ့စဉ်ရက်ဆက် ခြိမ်းခြောက်ခံနေရခြင်း၊ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်း အောင် စော်ကားခံနေရခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခံနေရခြင်းတို့ကို ကန့်ကွက်ရှုတ်ချပြီး သက်ဆိုင်ရာ နိုင်ငံတော် အစိုးရများထံမှ ကာကွယ်စောင့်ရှောက် အရေးယူပေးရန် အလေးအနက် တောင်းဆိုသည်။
၆) ယနေ့ ကချင်ပြည်နယ်တွင် စစ်ရေးအရ အင်အားအလွန်အကျွံသုံး၍ ထိုးစစ်ဆင်သည့်အပေါ် ချက်ချင်း ရပ်တန့်ပြီး နိုင်ငံရေးအရ အမြန်ဆုံး ဆွေးနွေးအဖြေရှာရန် လက်ရှိမြန်မာနိုင်ငံ အစိုးရအား တိုက်တွန်းသည်။