သေမင်းတမန်ပြတိုက်အတွက် ဂျပန်ခေတ်ပစ္စည်းများ အလှူခံမည်

သေမင်းတမန်ပြတိုက်အတွက် ဂျပန်ခေတ်ပစ္စည်းများ အလှူခံမည်
by -
မွန်အေဂျင်စီ

ပြန်လည်တည်ဆောက်မည့် သေမင်းတမန်မီးရထားလမ်း ပြတိုက်အတွင်း အသုံးပြုရန်အတွက် ဂျပန်ခေတ်က အသုံးအဆောင်ပစ္စည်းများနှင့် မှတ်တမ်းများကို အလှူခံလျက်ရှိကြောင်း ပြတိုက်တည်ဆောက်မည့် တလမွန်ကုမ္ပဏီမှ ဒါရိုက်တာ နိုင်မောင်တိုးက ပြောသည်။

လက်ရှိပြတိုက်တွင် ထားရှိသောမြန်မာ့မီးရထားစက်ခေါင်း "မမ"(မင်းလတ် Facebook)

သံဖြူဇရပ်မြို့နယ်၌ တည်ဆောက်မည့် အဆိုပါပြတိုက်အတွင်းထားရှိရန် ဂျပန်ခေတ် အသုံးအဆောင် ပစ္စည်းများ၊ ဂျပန်စစ်သားများ၏ ဦးထုပ်များ၊ ဓားများနှင့် သမိုင်းဝင်ဓာတ်ပုံမှတ်တမ်းများ အလှူခံနေပြီး ရောင်းချလိုသူများရှိခဲ့လျှင်လည်း ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်မောင်တိုးက “ရောင်းရင်တော့ ကျွန်တော်တို့က ဈေးကောင်းတော့ ပေးနိုင်မှာမဟုတ်ဘူးပေါ့၊ အဲဒီခေတ်က အသုံးအဆောင်တွေက လည်းရဖို့က ရှားသွားပြီး၊ တချို့ဆိုလည်း ထိန်းသိမ်းရမှန်းမသိတော့ အဟောင်းပစ္စည်း ဝယ်တဲ့သူတွေဆီ ရောင်းလိုက်တာ တွေလည်းရှိ တယ်” ဟု ပြောသည်။

ဂျပန်ခေတ်ကငွေကြေးများ၊ သေနတ်ထိပ်တွင် တပ်ဆင်သော ဓားမြောင် စသည့် ပစ္စည်းတို့ကို လှူဒါန်းရန်ရှိပြီး သိန်းနှစ်ဆယ်ဖြင့် ဝယ်ယူထားသော ဂျပန်ခေတ်ဓါးတစ်ချောင်းကိုလည်း ပြတိုက်အတွက် ဈေးရင်းအတိုင်း ပြန်လည် ရောင်းချသွားမည်ဟု မုဒုံမြို့မှ ရှေးဟောင်းပစ္စည်းစု ဆောင်းရန် စိတ်ဝင်စားသူ ဒေါက်တာ ညီညီက ပြောသည်။

“ဒီလိုလုပ်တာ ကောင်းတဲ့အစီအစဉ်ပဲ ဂျပန်ပစ္စည်းတွေတင်မကဘူး၊ မွန်ပစ္စည်းတွေလည်း ပြသင့်တယ်” ဟု ၄င်းက ပြောသည်။

လက်ရှိပြသထားသည့် မီးရထားခေါင်းကိုလည်း ဂျပန်မီးရထားစက်ခေါင်းအစစ်ဖြင့် အစားထိုးလိုကြောင်း စီစဉ်သူများက ဆိုသည်။

“အခုရထားခေါင်းက ‘မမ’ ဆိုပြီး တပ်ထားတယ်လေ၊ ဂျပန်ရထားခေါင်းအစစ် ဟုတ်မဟုတ် တော့မသိဘူး၊ မြန်မာ့မီးရထားမှာ ဂျပန် ရထားခေါင်းအစစ်ရှိရင် ကျွန်တော်တို့ကလဲထည့်ချင်တယ်” ဟု နိုင်မောင်တိုးက ဆက်ပြောသည်။

ပြတိုက်ပြန်လည်တည်ဆောက်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိထားပြီး ဇန်နဝါရီလ ၁၄ ရက်နေ့တွင် စည်ပင်သာယာရေး ကော်မတီသို့ ခွင့်ပြုချက် တင်လိုက်ပြီးဖြစ်သည်။

တလမွန်ကုမ္ပဏီသည် မွန်တိုင်းရင်းသားများနှင့် ဖွဲ့စည်းတည်ထောင်ထားသည့် အများပိုင် ကုမ္ပဏီဖြစ်ပြီး ခရီးသွားလုပ်ငန်း၊ ထမင်းဆိုင်နှင့် အဝေးပြေးခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

မီးရထားစက်ခေါင်းနှင့် ခြုံနွယ်ပိတ်ပေါင်းများထူထပ်နေသော ပန်းခြံသာရှိသည့် သံဖြူဇရပ်မြို့နယ် အတွင်းရှိ နေရာကို ပန်းခြံ၊ ဆိုင်ခန်း၊ တည်းခိုဆောင်များနှင့် ပေ ၄၀×၆၀ ပတ်လည်ရှိ နှစ်ထပ် ဆောင်ပြတိုက်ကို လာမည့် နွေရာသီတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း အထက်ပါ ကုမ္ပဏီထံမှ သိရသည်။

သေမင်းတမန် မီးရထားလမ်းပြသထားသည့်နေရာ သမိုင်းကြောင်းအရ ထင်ရှားသည့်ပြယုဂ်တစ်ခု ဖြစ်သော်လည်းပြုပြင်ထိန်းသိမ်းမှု နည်းခဲ့သည့်အတွက် ဟောင်းနွမ်း မှေးမှိန်လျက်ရှိသည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့ ကွေးမြစ်ရှိ သေမင်းတမန် ရထားလမ်းပိုင်းနေရာသည် နိုင်ငံခြားခရီးသွား ဧည်သည် များကို ဆွဲဆောင်နိုင်သည့် ထိုင်းနိုင်ငံ၏ အဓိကနေရာများအနက် တစ်ခုဖြစ်သည်။

သံဖြူဇရပ်မြို့နယ် အတွင်းရှိ ဗြိတိသျှ စစ်သချိုင်း၊ စက်စဲကမ်းခြေနှင့် ကျိုက္ခမီရေလယ်ဘုရားတို့ကိုခရီးသွား များ လာရောက်လေ့ရှိပြီး သေမင်းတမန်ရထားလမ်းပြတိုက် ပြန်လည်တည်ဆောက်ပြီးပါက ခရီးသွားများ အတွက် နောက်ထပ် လည်ပတ်ရာ နေရာတစ်ခုတိုးလာမည်ဖြစ်သည်။

ဒုတိယ ကမ္ဘာစစ် အတွင်း မြန်မာနိုင်ငံအတွင်းရှိ ဂျပန်တပ်များကို ထောက်ပံ့နိုင်ရန် ဖောက်လုပ်ခဲ့သော ရထားလမ်းကြောင့် မဟာမိတ် စစ်သုံးပန်းများနှင့် အာရှနိုင်ငံများမှ ချွေးတပ်သား တစ်သိန်း ကျော်သေဆုံးခဲ့ရ သော ကြောင့် သေမင်းတမန်ရထားလမ်းဟု အမည်တွင်ခဲ့သည်။

သံဖြူဇရပ်မှ ထိုင်း-မြန်မာနယ်စပ်ဘုရားသုံးဆူမြို့အထိ မိုင် ရ၀ ဝန်းကျင်ရှိ အဆိုပါရထားလမ်းပိုင်းကို ပြန်လည်ဖောက်လုပ်ရန် အစိုးရက တိုင်းတာမှုများ ပြုလုပ်နေပြီးဖြစ်သည်။

Most read this week