အသိမ်းခံလယ်မြေနှင့် ရေလုပ်သားအခွင့်အရေးအတွက် ပန်းတနော်တွင် ဆန္ဒထုတ်ဖေါ်

အသိမ်းခံလယ်မြေနှင့် ရေလုပ်သားအခွင့်အရေးအတွက် ပန်းတနော်တွင် ဆန္ဒထုတ်ဖေါ်
by -
မဇ္စျိမ

ရေလုပ်သားအခွင့်အရေးနှင့် မတရားသိမ်းဆည်းထားသော လယ်မြေများ ပြန်လည် ရရှိရေးအတွက် အင်အားတစ်ထောင်နီးပါးရှိ လယ်သမားနှင့် ရေလုပ်သားများ ယမန်နေ့ (ဇန်နဝါရီလ (၁၃)ရက်) ကဧရာဝတီ တိုင်း ပန်းတနော်မြို့တွင် ဆန္ဒ ထုတ်ဖေါ်ခဲ့ကြသည်။

ကုမ္ပဏီများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ မတရားသိမ်းဆည်းထားသည့် လယ်မြေများကို လယ်သမားများထံ ပြန်ပေးရန်၊ ဆည်မြောင်း ရေကာတာ၊ ရေတံခါးများခေတ်မီ စနစ်တကျ ပြုလုပ်ပေးရန်နှင့် အင်းလုပ်ငန်းများ တွင် လုပ်သားများ စနစ်တကျ လုပ်ကိုင်ခွင့်ရရှိရန် ပန်းတနော်မြို့ တရားရုံးရှေ့နှင့် ဘောလုံးကွင်း တို့တွင် ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ပန်းတနော်၊ ကျောင်းကုန်းနှင့်ဓနုဖြူမှ လယ်သမားနှင့်ရေလုပ်သားများ ပါ၀င်ခဲ့ကြပြီး မတရားဖမ်းဆီးထားသော ရေလုပ်သားများ အမြန်ပြန်လွှတ်ပေး၊ အရေးတော်ပုံ အောင်ရမည်၊ စသည့်တို့ ကြွေးကြော်ခဲ့ကြောင်းသိရသည်။

တောင်သူလယ်သမား၊ ကပ်ပါးရေလုပ်သား သမဂ္ဂအဖွဲ့မှ ဦးသိန်းဝင်းက “ငါးတစ်ကောင်ဖမ်း ထောင်ခြောက်လ ချတာတွေရှိတယ်၊ လယ်သမားတွေဆီက သိမ်းတုန်းကတော့ သူတို့တရားစွဲတာတို့ လုပ်လို့မရဘူး။ အခု ပြန်တောင်းဆိုတော့ လယ်သမားတွေနဲ့ ရေလုပ်သားတွေကို တရားစွဲတာတွေ လုပ်နေတယ်” ဟု ပြောသည်။

အလားတူ မြန်မာလူမှု ဖွံ့ဖြိုးတိုးတက်ရေးမှ ကိုနေမျိူးဇင်က နစ်နာကြေး ငါးသိန်း၊ ဆယ်သိန်းသည်တစ်နှစ်စာ အတွင်း ကုန်ဆုံးသွားနိုင်သဖြင့် ပြည်သူလူထုများ ထွန်ယက် စိုက်ပျိူးခွင့် ရရှိရေးအပြင် အင်းပိုင်ဆိုင်မှု ကန့်သတ်ချက်များကို ဖြုတ်ချပေးရန်နှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်သွားမည်ဟု ပြောသည်။

ထို့အပြင် ပြည်ထဲရေးဝန်ကြီဋ္ဌာန အောက်မှ အင်းသူကြီးအမိန့်နှင့် အရေးယူမှုများ ဖြစ်ပေါ်နေ သဖြင့် အင်းသူကြီးများနှင့် တွေ့ဆုံ ညှိနှိုင်းရန် တောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

“အင်းသူကြီးတွေဘက်က မစဉ်းစားရင် ဒီထက်များတဲ့ လူထုအုံကြွမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်” ဟု ကိုနေမျိုးဇင်က ဆိုသည်။

ဆန္ဒထုတ်ဖော်ရာတွင် သတ်မှတ်ချိန်ကျော်လွန်သွားကြောင်း ရဲအုပ်ကျော်အေးနိုင်မှ ပြောကြားခဲ့ရာ နိုင်ငံတော်သမ္မတမှ အချိန်ကန့်သတ် ထားခြင်း မရှိကြောင်း ဆန္ဒထုတ်ဖော်သူများက ပြောဆိုခဲ့ပြီး နံနက် ဆယ့်တစ် နာရီခွဲတွင် ရုတ်သိမ်းခဲ့သည်ဟု သိရသည်။

ဆန္ဒဖော်ထုတ် စီတန်းလှည့်လှည်ခွင့်ကို နံနက် (၉) နာရီမှ (၁၁) နာရီအထိ အင်အား (၂၀၀) သာ ခွင့်ပြုမိန့် ရရှိပြီး တောင်သူလယ်သမား၊ ကပ်ပါး ရေလုပ်သားသမဂ္ဂအဖွဲ့မှ ဦးဆောင်ပြုလုပ်ကာ မြန်မာ့လူမှု ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ပံ့ပိုးခဲ့ကြောင်း သိရသည်။

Most read this week