အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချဲနှင့် KNU တွေ့ဆုံ

အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချဲနှင့် KNU တွေ့ဆုံ
by -
ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချဲလ် (Derek Mitchell) တို့ ဇန်နဝါရီလ ၁၁ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းတွေ့ဆုံပွဲ၌ KNU ဘက်မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောအောင်ဝင်းရွှေ၊ ကာကွယ်ရေးဌာနတာဝန်ခံ ပဒိုစောရောဂျာခင်နှင့် ပဒို စောလှထွန်းတို့ ပါ၀င်သည်။

ဒဲရက်မစ်ချဲ အနေဖြင့် မြန်မာပြည်၏ နိုင်ငံရေး အခြေအနေများ၊ မြန်မာအစိုးရနှင့်vတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ အကြား လုပ်ဆောင်နေသည့် အပစ်ခတ်ရပ်စဲရေး အခြေအနေများနှင့် တိုင်းရင်းသားလူမျိုး ပေါင်းစုံ၏ အမြင်သဘောထားများအား သိလို၍ လာရောက်ခြင်း ဖြစ်ကြောင်း KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ကေအိုင်စီ သို့ ပြောသည်။

“သူနဲ့ ကျနော်တို့ တွေ့ဆုံတာက မြန်မာပြည်ကို လာနေတယ်ဆိုတော့ မြန်မာပြည်ရဲ့အခြေအနေကို လေ့လာတဲ့ သဘောပါပဲ။ သူ က အထူးပြောချင်တာကတော့ နောက်ထပ်ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးကိုလုပ်ဆောင်တဲ့ နေရာမှာ အကုန်လုံး ပါဝင်စေချင်တဲ့ သဘောထားရှိတယ်။ နောက်ပြီးတော့တိုင်းရင်းသားအား လုံးရဲ့ အမြင်သဘောထားတွေ လိုက်စုဆောင်းတဲ့သဘောပဲဖြစ်တယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ထို့အပြင် အပစ်ခတ်ရပ်စဲရေး ရယူပြီးနောက် KNU နှင့် မြန်မာအစိုးရတို့အကြား တိုးတက်မှု အခြေအနေအား ပြန်လည်သုံးသပ်ခြင်း၊ ကချင်နယ်မြေအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများအား သုံးသပ်ခြင်းနှင့် လက်ရှိလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ထိခိုက်နိုင်သည့် အခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု ပဒိုစောကွယ်ထူးဝင်း က ဆက်လက် ပြောဆိုသည်။

မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် KNU ၏ ချမှတ်ထားသည့် မူအတိုင်း စစ်မှန်သည့် အပစ်အခတ် ရပ်စဲရေးကို ဦးစွာရယူပြီး နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးနိုင်ရန် ဆက်လက် အကောင်အထည် ဖော်ဆောင်သွားမည်ဟု KNU ဘက်က ဒဲရစ်မဲချဲလ်ကို ပြောဆိုကြောင်း သိရသည်။

ပဒိုစောကွယ်ထူးဝင်းက “ကျနော်တို့က ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့အဖွဲ့အစည်းက အစီအစဉ်အတိုင်းပဲ ဆက်သွားရမှာပေါ့။ နောက် ဒီလိုမျိုး ဆက်သွားမယ့်အချိန်မှာ ကချင်မှာ စစ်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲဆိုတော့ KNU ကလည်း စိုးရိမ်တယ်။ ဘာဖြစ် လို့လည်းဆိုတော့ ငြိမ်းချမ်းရေးလုပ်ဆောင်တဲ့အပိုင်းမှာ ဆက်စပ်နေတော့ အစိုးရဘက်က ကချင်တိုက်ပွဲကို မရပ်ဘူးဆိုရင် ဝေဖန်မှုတွေ၊ အမြင်တွေ အမျိုးမျိုး ရရှိတာပေါ့” ဟု ပြောဆိုသည်။

ယခု ဆုံတွေ့မှုသည် အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချဲနှင့် မကြာသေးမီက အသစ်တက်လာသည့် KNU ခေါင်းဆောင်သစ်များ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။