အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှ လျှပ်စစ်ဓာတ်အားကို မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းက ဝယ်ယူသုံးစွဲဖွယ်ရှိ ကြောင်း သိရှိရသည်။
နယူးဒေလီမြို့တွင် ရောက်ရှိနေသော စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး နှင့် မဏိပူပြည်နယ် စက်မှု/ကုန်သွယ် ဝန်ကြီး Govindas Konthoujam တို့ တွေ့ဆုံပြီးနောက် မြန်မာက လျှပ်စစ်စွမ်းအင် ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း ဝန်ကြီးအား ကိုးကား၍ မဏိပူ အခြေစိုက် သတင်းဌာနတခုက ရေးသားထားသည်။
မဏိပူပြည်နယ်သည် အိမ်နီးချင်းပြည်နယ်များ ဖြစ်သည့် မီဇိုရမ်ပြည်နယ်၊ နာဂလန်းပြည်နယ်များသို့ ၎င်း၏ လျှပ်စစ်မီးကိိုု ရောင်းချပေးလျက်ရှိနေပြီး ထိုပြည်နယ်အတွင်းတွင်မူ လျှပ်စစ်မီး အချိန်ပြည့် မရရှိကြောင်း မဏိပူရတွင် နှစ်ပေါင်း ၂၀ ကျော် နေထိုင်လာခဲ့သူ ကိုသူရ က ပြောသည်။
“မဏိပူမှာတော့ လျှပ်စစ်မီးက ၂၄ နာရီ အချိန်ပြည့်မရဘူး။ အချိန်နဲ့ပေးတယ်။ ပြည်နယ်ထဲမှာတော့ ဘယ်မြို့မှ အချိန်ပြည့် ရတယ်ဆိုတာ မရှိပါဘူး။ ပျမ်းမျှ တရက်ကို ၆ နာရီ ရတဲ့နေ့ ရတယ်။ ၈ နာရီ ရတဲ့နေ့ ရတယ်” ဟု ဆိုသည်။
မဏိပူရ တောင်တန်းပေါ်တွင် လှပကျော်ကြားသည့် LOTUS (ကြာပန်း) ရေကန်မှ ထုတ်လုပ် ထွက်ရှိသည့် ရေအားလျှပ်စစ်ကို ပြည်နယ်အစိုးရက ပိုင်ဆိုင်သည်။
“အမှန်တကယ်တော့ မဏိပူပြည်နယ်က ထွက်တဲ့ လျှပ်စစ်က ပြည်နယ်အတွင်းမှာ သုံးမယ်ဆိုရင် လုံလောက်ပါ
တယ်။ ဒီပြည်နယ်မှာ ရေအားလျှပ်စစ်ထွက်တဲ့ ခရိုင်က ဒါဒို့ဒေသက ထွက်တဲ့မီး ဒို့တတွေ အလကားသုံး ခွင့်ရှိတယ်ဆိုပြီး မီတာခ ပုံမှန်မဆောင်ဘူး” ဟု ကိုသူရ က ဆက်ပြောသည်။
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးမှာ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပြည်နယ်များ စီးပွားရေးဆွေးနွေးပွဲ (NEBS)သို့ တက်ရောက်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းမှာ အိန္ဒိယနိုင်ငံ၏ မဏိပူရနှင့် နာဂလန်းပြည်နယ်တို့ နှင့်နယ်မြေချင်း ထိစပ်လျက်ရှိသည်။