အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြည်သူ့လွှတ်တော်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် NLD ၏ လူမှုရေးလုပ်ငန်းလုပ်ငန်းများကို ပံ့ပိုးနေသည်ဟုဆိုသည့် ခရိုနီများနှင့်ပတ်သက်၍ ၎င်း၏ သဘောထားကို ထုတ်ဖော် ပြောကြားလိုက်သည်။
ဇန်နဝါရီလ ၉ ရက်နေ့က ကျင်းပသည့် ဆဋ္ဌမအကြိမ် လွှတ်တော်အစည်းအဝေး ခတ္တနားနေချိန် မဇ္စျိမ၏ မေးခွန်းကို NLD ဥက္ကဋ္ဌက ပြန်လည်ဖြေကြားလိုက်ခြင်းဖြစ်သည်။
“ခရိုနီလို့ ခေါ်ခံရတဲ့သူတွေက NLD နဲ့ တခြား လူမှုရေးလုပ်ငန်းလုပ်သူတွေကို ပံ့ပိုးတယ်ဆိုလို့ရှိရင် ဘာဖြစ်လဲ ပ့ံပိုးပါ စေပေါ့။ ပိုက်ဆံတွေကို တခြားနေရာမှာ အလဟဿ ဖြုန်းမယ့်အစား ပံ့ပိုးသင့်တဲ့ နေရာမှာ သုံးတယ်ဆိုတာကောင်းတဲ့ကိစ္စပဲ” ဟု ဒေါ်အောင်ဆန်းစုကြည် က မဇ္စျိမကို ပြောသည်။
NLD ၏ ရံပုံငွေပွဲအချို့နှင့် ပညာရေးဆိုင်ရာပွဲများတွင် Air Bagan, Sky Net နှင့် AGD Bank တို့မှ အဓိက အလှူရှင်များအဖြစ် ပံ့ပိုးပေးသည့် ကိစ္စရပ်များအတွက် ဝေဖန်မှုများရှိနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည် က ခရိုနီအပေါ် ၎င်း၏ အမြင်ကို ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“NLD ကို ချဉ်းကပ်လာတာလား၊ ဘယ်အဖွဲ့ကို ချဉ်းကပ်တာလားဆိုတာကို အန်တီ မကြည့်ဘူး။ လုပ်တာက ဘာအတွက် လုပ်တာလဲ ဘာကို ထောက်ပံ့တာလဲ၊ ဘယ်နေရာကို အကျိုးပြုသလဲ။ ပြည်သူကို အကျိုးပြုမယ်၊ ဒီမိုကရေစီပြောင်းလဲရေးကို အကျိုးပြုမယ်၊ လိုအပ်နေတဲ့ ပညာရေး ကိစ္စတွေကို အကျိုးပြုမယ်ဆိုရင် ဒါဟာ ကြိုဆိုရမယ့် ကိစ္စပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
၂၀၁၂ ခုနှစ်၊ စက်တင်ဘာက ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ပြုလုပ်ခဲ့သည့် ရံပုံငွေပွဲတွင် လေလံတင်ရောင်းချသည့် ဂစ်တာတလက်ကို ရွှေသံလွှင်ကုမ္ပဏီပိုင်ဆိုင်သည့် Sky Net ရုပ်သံလိုင်းပိုင်ရှင် ဦးဝင်းနိုင် က ကျပ် ၅၈၈ သိန်းဖြင့်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်အပြိုင် လေလံကြေးပေး၍ ဝယ်ယူခဲ့ပြီးနောက် NLD နှင့် ၈၈ စသည့် နိုင်ငံရေး အဖွဲ့အစည်းများနှင့် ဆက်ဆံမှုများ ရှိလာခဲ့ကြသည်။
ခရိုနီဆိုသည်မှာ ယခင် စစ်အစိုးရလက်ထက်များက ချမ်းသာလာပြီး တယောက်နှင့်တယောက် ချမ်းသာပုံချင်း မတူညီ၊ မတရားမှုများ လုပ်ခဲ့သလား၊ မလုပ်ဘူးလားဆိုသည်ကိုလည်း စိစစ်ရမည်၊ သို့သော် မည်သူပင်ဖြစ်စေ ပြစ်မှုမထင်ရှားသရွေ့ အပြစ်မဲ့ဟူ၍ သတ်မှတ်ရမည်ဖြစ်ပြီး ပြစ်မှုရှိသူများကိုလည်း ပြုပြင်ပိုင်ခွင့် ပေးရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။
“လူတယောက်ကို ကြည့်တဲ့အခါ လူတွေဟာ တခါဆိုးလို့ အမြဲတမ်းဆိုးနေမယ်လို့ ပြောလို့မရပါဘူး” ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပြီး ဒီမိုကရေစီနိုင်ငံများတွင် သူဌေးဖြစ်နေသူများသည် ယခင်က စက်မှု တော်လှန်ရေးကာလက တရားမျှတသော နည်းလမ်းဖြင့် ဖြစ်ခဲ့ခြင်းမဟုတ်ဘဲ ခေါင်းပုံဖြတ်မှုတွေ ရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် ပရိဟိတ လုပ်ငန်းများ လုပ်သည့် မိသားစုများ ဖြစ်လာကြောင်း ခရိုနီ သမိုင်းကြောင်းကို ရှင်းပြသေးသည်။
NLD ပါတီ ပညာရေး ကွန်ယက် နှစ်နှစ်ပြည့်၊ အခမဲ့ ပညာဒါန ကျောင်းများ ရံပုံငွေ ရှာဖွေရေး ဂီတပွဲတော်ကို ခရိုနီများ ဖြစ်ကြသည့် Sky Net ၊ Air Bagan နှင့် AGD Bank တို့မှ လုပ်ငန်းရှင်များက ငွေကျပ် သိန်း နှစ်ထောင်ကျော် လှူဒါန်း ခဲ့ကြသည်။
အဆိုပါရံပုံငွေပွဲမှ သိန်းပေါင်း ငါးထောင်ကျော် ရရှိခဲ့ပြီး စီစဉ်စရိတ် သိန်းနှစ်ထောင်ကျော်နှင့် ကျန်ငွေ အသားတင် သိန်း သုံးထောင်ကျော်ရှိသဖြင့် အဆိုပါငွေများကို နယ်စပ်ပညာရေးတွင် သုံးမည်ဟု NLD ပညာရေးကော်မတီက ဆိုသည်။