ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ စံပြရပ်ကွက် ကွက်စိပ် (၃) နေ ဦးလိန်းရွှေနှင့် ဒေါ်ဂီးရောင်တို့ အိမ်များ ယနေ့ နေ့လည် ၁၁ နာရီ အချိန်ခန့်က မီးလောင်သွားကြောင်း သိရသည်။
“အိမ်ရှင်တွေ တောင်ယာသွားကြတယ်၊ ကလေးတွေ ကျောင်းသွားကြတယ်၊ အိမ်မှာ ဘယ်သူမှ မရှိ ဘူး၊ အိမ်သုံးပစ္စည်း အကုန်ပါ သွားတယ်” ဟု မျက်မြင်တဦးက ပြောသည်။
မင်းတပ်မြို့ပေါ်တွင် မီးသတ်ဌာန ရှိသော်လည်း ရေ အခက်အခဲကြောင့် မီးငြိမ်းသတ်နိုင်ခြင်း မရှိသည့်အတွက် အိမ်နှစ်လုံးစလုံး လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လောလောဆယ်တွင် အိမ်ရှင်များ တောင်ယာမှ ပြန်မရောက်ကြသေးသည့်အတွက် အိမ်နှင့် ပစ္စည်းတန်ဖိုး မည်မျှဆုံးရှံုးသည်ကို မသိနိုင်ကြောင်း “အိမ်က နှစ်ထပ် ပျဉ်ထောင်အိမ် တွေပါ၊ မီးဖိုက စလောင်တာဖြစ်မယ်လို့ ပြောကြတယ်၊” ဟု မျက်မြင် ဒေသခံက ပြောသည်။
ချင်းပြည်နယ်သည် တောင်လေတိုက်ခတ်မှု များသဖြင့် ဆောင်းနှင့် နွေရာသီများတွင် မီးလောင်မှု ပိုဖြစ်ပွားကြောင်း ဒေသခံများက ပြောဆိုသည်။
အလားတူ ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့တွင် ယခုလ (၂) ရက်နေ့က ကွန်ပြူတာ ဆိုင်တခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကွန်ပြူတာ (၆) လုံးအပါအဝင် ဖုန်းနှစ်လုံးနှင့် စက်ပစ္စည်းများ ပါသွားခဲ့သည်။