မြန်မာအစိုးရ စစ်ဗျူဟာရုံးစိုက်ရာ သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း ဓါးပြများသောင်းကျန်း နေသဖြင့် ကွတ်ခိုင်နယ်ခံများ ရပ်ရွာလုံခြုံရေးအတွက် ကိုယ်တိုင် ကင်း စောင့်နေရကြောင်း ၄င်း ဒေသခံ များအဆိုအရ သိရသည်။
ယခုရက်ပိုင်း ကွတ်ခိုင်မြို့နှင့် ၉ မိုင်ခန့်အကွာရှိ ဟိုကျန့်ရွာသား ဆိုင်ကယ် ကယ်ရီသမား တရုတ်လူမျိုး တစ်ဦးကို အဆိုပါဓါးပြအဖွဲ့မှ သတ်ဖြတ်ကာ ဆိုင်ကယ်လုယူသွားခဲ့ကြောင်း ဟိုကျန့်ရွာသားတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။
“ဒီဓါးပြအဖွဲ့က ဗမာလူမျိုးအယောက် ၂၀ လောက်ပါတဲ့ အဖွဲ့လို့ ပြောနေကြတယ်။ ဒီရက်ပိုင်း ဟိုကျန့်ရွာလမ်းခွဲ မှာ ဘယ်ကျော် ဆရာမ လို့ခေါ်တဲ့ အမက ၂ ကျောင်းအုပ်ဆရာမကြီးရဲ့အမျိုးသား ဆိုင်ကယ်ကယ်ရီသမား အသတ်ခံလိုက်ရတယ်။ ဆိုင်ကယ်လည်းယူသွားတယ် ” ဟု သူက ဆိုသည်။
ဟိုကျန့် ၊ ကာလျှင်ရွာများအနီး ဆိုင်ကယ်ရိုက်လုမှု ဆွဲကြိုးဖြတ်မှုများလည်း မကြာခဏ ဖြစ်ပေါ်နေရာ ဒေသခံ များ ကိုယ်တိုင် ရပ်ရွာလုံခြံုရေး ကင်းစောင့်နေရကြောင်း သူက ဆက်ပြောသည်။
“အခုဆို မိုးချုပ်တာနဲ့ ရွာအပြင်မထွက်ရဲတော့ဘူး။ ကလေးတွေကျောင်းသွားတာကအစ လူကြီးတွေ ကိုယ်တိုင် လိုက်ပို့ရတယ်။ ဆွဲကြိုးရရင် ဆွဲကြိုးဖြတ်လုတယ်။ ဆိုင်ကယ်တွေ့ရင် ရိုက်လုတယ်။ ညပိုင်းဆို အလှည့်ကျ ကင်းစောင့်ကြရတယ်” ဟု သူက ဆိုသည်။
၄င်းဒေသတွင်း ဓါးပြများသောင်းကျန်းနေသော်လည်း အာဏာပိုင်များက ဖမ်းဆီးအရေးယူခြင်း မရှိသေး ကြောင်းနှင့် ယခင်ကလည်း ကွတ်ခိုင်ဒေသတွင် ကားသမားများကို သတ်ဖြတ်ကာ ကားလုယူမှုများဖြစ်ပွားခဲ့ သေး ကြောင်း ဒေသခံများ က ဆိုသည်။