အစိုးရသိမ်းထားသော ပွိုင့် (၇၇၁) စခန်းကို ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (KIA) မှ ယမန်နေ့မနက် (၅) နာရီခန့်တွင် ၀င် ရောက် တိုက်ခိုက်ခဲ့သည်ဟု အဆိုပါစခန်းနားရှိ လုံခြုံရေး ယူထားသော ကျောင်းသား တပ်မတော် ခေါင်းဆောင်တဦးက ဆိုသည်။
“တိုက်ပွဲကတော့ မနက်ကတည်းကနေ ညနေ (၅) နာရီခွဲအထိ ဖြစ်ခဲ့ပါတယ်။ အခြေအနေအသေးစိပ်တော့ မသိရ သေး ပါဘူး။ ဒီတိုက်ပွဲကြောင့် မနက် (၈) နာရီခွဲမှာ Alen Bum လိုင်ဇာဗဟို ဌာနချုပ်ဘက်ကို လက်နက်ကြီး (၈) လုံးနဲ့ လှမ်းပစ်ခဲ့ တယ်။ ပြီးတော့ ပွိုင်း (၇၇၁) စခန်းကို အကူအညီပေးဖို့ တက်လာတဲ့ စစ်ကြောင်း (၃) ကြောင်းကိုပါ KIA ဖက်က ဖြတ်တိုက် ခဲ့ပါတယ်။” ဟု ဆိုသည်။
မွန်းလွဲ (၂) နာရီအချိန်ခန့်က လဂျားယန်အနီး လွယ်မောင့်ယန်၊ မဒိယန်အနီးရှိ ဂျိန်နမ့် ဇွပ် နှင့် မန်မော်- နားလုံ အကြားနေရာ သုံးခုရှိ အစိုးရ တပ်များအား KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အစိုးရခန်းကိုင်တောင်မှ လဂျားယန်နှင့် လဝါးယန်ဖက်သို့ လက်နက်ကြီး အလုံး (၇၀) ကျော်ပစ်ခတ်ခဲ့ပြီး ညနေ (၅) ခွဲ၌ ရပ်စဲသွားကြောင်း သိရသည်။
KIA ဖြတ်တိုက်သော အစိုးရ စစ်ကြောင်းများသည် ပွိုင့် (၇၇၁) စခန်းအတွက် ကျည်ဆံနှင့် ရိက္ခာများ ပို့ပေးသော စစ်ကြောင်းများ ဖြစ်သည်။ ဤတိုက်ပွဲများကြောင့် အစိုးရစစ်ကူများသည် ညနေအချိန်ထိ ပွိုင့် (၇၇၁) စခန်းသို့ မရောက်ရှိသေးကြောင်း ကျောင်းသားများက ပြောဆိုသည်။
Bum Re Bum ခေါ် ပွိုင့် ရ၇၁ စခန်းသို့ အစိုးရ စစ်ကူများ ဖြတ်တောက်ထားနိုင်သဖြင့် KIA တပ်ဖွဲ့များသည် ထိုစခန်းကို သိမ်းပိုက်ရန် တာစူနေသည်ဟု ဆိုသည်။ ပွိုင့် (၇၇၁) စခန်းသည် လဂျားယန်တဝိုက်တွင် အမြင့်ဆုံး စခန်း ဖြစ်သောကြောင့် အရေးကြီးသောပွိုင့် ဖြစ်သဖြင့် နှစ်ဖက်တပ်များ အပြန်အလှန် စစ်ဆင်နေကြခြင်း ဖြစ်သည်။
အစိုးရတပ်များသည် ဤတောင်ကုန်း ရရှိရေးအတွက် တိုက်လေယာဉ်ဖြင့် ဒုံးကျည်များနှင့် ဓါတုဗုံးများကျဲချပြီး သုံးခဲ့သဖြင့် KIA က ဆုတ်ခွာပေးရခြင်း ဖြစ်သည်။
ထိုစခန်းသည် ဒီဇင်ဘာ (၃၀) ရက်နေ့ကတည်းက အစိုးရတပ်က သိမ်းထားခဲ့ပြီး နောက်ပိုင်း ရိက္ခာနှင့် ကျည်များမဖြည့်ဆည်း နိုင်သဖြင့် အရေးနိမ့်မည့် အလားအလာဖြစ်လာနေသည်ဟု KIA ဘက်က ပြောဆိုသည်။