နယ်ကျွံလာသည့် စိုးရတပ်နှင့် SSA တိုက်ပွဲဖြစ်

နယ်ကျွံလာသည့် စိုးရတပ်နှင့် SSA တိုက်ပွဲဖြစ်
by -
သျှမ်းသံတော်ဆင့်

ယနေ့နံနက်ပိုင်း၌ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲ အတွင်း သျှမ်းပြည်တပ်မတော် SSA/ RCSS နှင့် မြန်မာ အစိုးရတပ်တို့အကြားတိုက်ပွဲ သုံးကြိမ်ထက်မနည်း ဖြစ်ပွားကာ အစိုးရတပ်ဘက်မှ တယောက်သေဆုံး ကြောင်း ဟိုမိန်း သတင်းရပ်ကွက်က ပြောသည်။

“အစိုးရတပ်က လွယ်လန်း - တာ့ဆုပ်တိန်း (တံလွင်ကူးတို့ဆိပ်) ကို လမ်းဖေါက်မယ်လို့ ပြောလာတယ်။ ကျနော်တို့ သဘောတူတယ်။ ကျနော်တို့တပ်မှူးနဲ့တွေ့ဖို့ ခွင့်တောင်းလာတယ်။ ကျနော်တို့က စားဖို့သောက်ဖို့ တောင်ပြင်ဆင် ထားတယ်။ သူတို့က ပြောတဲ့အတိုင်းမလုပ်ဘဲ လမ်းမကနေ နယ်ကျွံပြီး ကျနော်တို့ တပ်စခန်း ကို ဦးတည်တယ်။ ကျနော်တို့လှုပ်ရှားတပ်နဲ့တိုက်ပွဲဖြစ်တယ်။ ဒီနေ့ပဲ သုံးကြိမ်ဖြစ်တယ်။ သူတို့ ဘက် တ ယောက်သေတယ်။ ကျနော် တို့ဘက်တော့ဘာမှမဖြစ်ဘူး” - ဟု ပြောခွင့်ရ ဗိုလ်မှူးလောဝ် ဆိုင်က ပြောသည်။

ဂျန္နဝါရီ ၅ ရက် နံနက် ရ:၀၅ မှ ရ:၄၀ နာရီအထိ အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ ၅၁၄ အင်အား ၂၅ ယောက်နှင့် ဟိုမိန်းမြို့အနောက် တောက်ဘက် ကီလိုမီတာ ၂၀ ကျော်၊ ထိုင်းနိုင်ငံ မယ့်ဟောင့်ဆောင် ဘန့်ရတ်ထိုင်းရွာ အနောက် မြောက်ဘက် ရ ကီလိုမီတာ ဝမ့်မိုင်ရွာအနီး လွယ်နဂါးတောင်ကျော ၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ဗိုလ်မှူးလောဝ်ဆိုင်က ဆက်ပြောသည်။

“အမှန်ကတော့ ကျနော်တို့ သတင်းရရှိချက်အရ ခလရ ၂၈၇ အင်အား ၁၀၅ ယောက်က ဝမ့်ကောဝ် ကနေ တက်လာ တယ်လို့ကြားတယ်။ ခမရ ၅၁၄ က အနောက်ကနေ ပိတ်ထားမယ်ဆိုတဲ့သဘော။ အခုက ခလရ ၂၈၇ က ရောက်မလာ သေးဘဲ ခမရ ၅၁၄ နဲ့ ထိပ်တိုက်တွေ့မိလို့ တိုက်ပွဲဖြစ်ခဲ့ရတာပါ ။ အခုလဲ ကျောက် တောင်ကြီးက ခြားထားလို့  ကျနော်တို့ကို လက်နက်ကြီးနဲ့ထုနေတယ်” - ဟု ရှေ့တန်းရောက် တပ်မှူးတဦးက ပြောသည်။

ပစ်ခတ်မှုကြောင့် ဝမ့်မိုင်ရွာမှ မိသားစု ၁၀ ခုထက်မနည်း နယ်စပ်ဘက်သို့ ထွက်ပြေးခိုလှုံ ကြောင်း နယ်စပ် ဒေသမှပေးပို့သောသတင်းအရသိရသည်။

“အစိုးရတပ်က သဘောတူညီချက်ကို မလိုက်နာလို့ တိုက်ပွဲဖြစ်ခဲ့ရတာ။ ဒါကြောင့်အများတောင်းဆိုနေတဲ့ အတိုင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမှ ဒါတွေ ရှင်းနိုင်လိမ့်မယ်” - ဟု ဗိုလ်မှူးလောဝ်ဆိုင် ကပြောသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့ ၂၀၁၁ ဒီဇင်ဘာ ၂ ရက်နေ့က ပဏာမအဆင့် အပစ်ရပ်သဘော တူညီမှုရယူပြီးနောက်ပိုင်း တိုက်ပွဲပေါင်း အကြိမ် ၃၀ ကျော်ဖြစ်ပွားရာမှာ အများအားဖြင့် အစိုးရတပ်ဘက်က သဘောတူညီချက်အပေါ် လိုက်နာခြင်းမရှိဘဲ နယ်ကျွံသောကြောင့်ဖြစ်ပွား ခဲ့ရခြင်းဖြစ် သည်ဟု သျှမ်းပြည်တပ်မတော်က ပြောဆိုသည်။