ကျောက်ဖြူတွင် ပြုလုပ်သော အရပ်ဖက်ဆိုင်ရာ ဆွေးနွေးပွဲ ဟန့်တားခံရ

ကျောက်ဖြူတွင် ပြုလုပ်သော အရပ်ဖက်ဆိုင်ရာ ဆွေးနွေးပွဲ ဟန့်တားခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ၀ံလက် ဖေါင်ဒေးရှင်းက ဦးဆောင် ပြုလုပ်နေသော အရပ်ဖက်ဆိုင်ရာ လူ့အဖွဲ့အစည်း အရည်အသွေး မြှင့်တင်ရေး ဆွေးနွေးပွဲကို သက်ဆိုင်ရာမှ တားမြစ်လိုက်သည်ဟု သိရသည်။

ဆွေးနွေးပွဲ ဖြစ်မြောက်ရေးတွင်ပါ၀င်သူ ကျောက်ဖြူမြို့နယ် Kyauk Pyu Social Network Group မှ Coordinator ကိုထွန်းလွင်က အခြေအနေ အရပ်ရပ်ကို ယခုလို နိရဥ္စရာသို့ ပြောသည်။

Capacity-building-training-Arakan

“ကျွန်တော်က ဆွေးနွေးပွဲ ဖြစ်မြောက်ရေးမှာ ပါ၀င်နေတဲ့အတွက် ကျွန်တော့ကို ဒီနေ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နုက တဆင့် စာပေးပြီး တားမြစ်တာဖြစ်ပါတယ်။ စာထဲမှာ ပါတာကတော့ ၀ံလက်ဖေါင်ဒေး ရှင်းက ပို့ချနေတဲ့ လူထုအထောက်အကူပြု သင်တန်းနဲပတ်သက်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးကို ဒီနေ့ ၁၀ နာရီ အရောက်လာရန် အသိပေးရမယ် ဆိုပြီး ပါရှိပါတယ်” ဟု ဆိုသည်။

ဆွေးနွေးပွဲကို ကျောက်ဖြူမြို့ ပရဟိတကျောင်းတွင်  ဇန္နဝါရီလ ၃ ရက်နေ့က စတင်ရာ ဒုတိယမြောက်နေ့တွင် တားမြစ်ခံရခြင်း ဖြစ်သည်။

“သူတို့ က ဒီလို ဆွေးနွေးပွဲ လုပ်မယ်ဆိုရင်  ပြည်နယ် အထိ ခွင့်ပြုချက် တင်ရမယ်လို့ ပြောတယ်။ ဒီလို ပြောဆို လိုက်တာဟာ ကြိုးနီစနစ်ဘဲ။ သမ္မတကြီးမိန့်ခွန်းမှာ ကြိုးနီ စနစ်ကို ဖြတ်ဖို့ တောင်းဆိုထားတဲ့ ကြားထဲက ဒီလို ဟန့်တားမူတွေ ပြုလုပ်တာဟာ လူ့အဖွဲ့အစည်းခုလုံးကို ကြိုးနီစနစ်နဲ့ ဆက်ပြီးသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်” ဟု ကိုထွန်းလွှင်က ဆိုသည်။

ကိုထွန်းလွှင်အား ယနေ့ နံနက်က မြို့နယ်အုပ်ချုပ်ရေးမှူးမှ ခေါ်ယူပြီး သင်တန်းကို ပိတ်ရန် ပြောကြားခဲ့သည်ဟု သိရသည်။

“ကျွန်တော်က ဒီသင်တန်းက ကျွန်တော် ဖွင့်တဲ့ သင်တန်း မဟုတ်ဘူး။ ကျွန်တော်က ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ကူညီပေး တဲ့သူရာ ဖြစ်တဲ့ အတွက် ကျွန်တော် ပိတ်လို့ မရဘူး။  အဲသလို ငြင်းဆိုခဲ့တဲ့ နောက်ပိုင်းမှာ သူတို့ရဲ့ တားမြစ်ချက် စာက ထွက်လာတာ ဖြစ်ပါတယ်” ဟု ကိုထွန်းလွင်က ပြောသည်။

အထက် အာဏာပိုင်များမှာ တားမြစ်သော်လည်း ဆွေးနွေးပွဲမှာ လူငယ်များ စွမ်းရည် မြင့်မားရေး အတွက် ပြုလုပ်ခြင်းသာ ဖြစ်သဖြင့် ဆက်လုပ်သွားမည်ဟု သင်တန်းတွင် ဦးဆောင် ဆွေးနွေးသူ  ခိုင်ကောင်းစံက နိရဥ္စရာသို့ ပြောသည်။

“ကျွန်တော်တို့ ၀ံလက်ဖေါင်ဒေးရှင်းက ဦးစီးပြီးတော့ လူထု အခြေပြု ဆွေးနွေးပွဲက ၅ ရက်သတ်မှတ်ထားပါ တယ်။ စတာက ၃ ရက်နေ့က စပါတယ်။ ဒီနေ့ ၄ ရက်နေ့မှာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင် အမိန့်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နုက စာပေးပြီး တားမြစ် လာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဆက်ပြီး ဆွေး နွေးပွဲ လုပ်သွားမှာပါ။”

၎င်းဆွေးနွေးပွဲကို ကျောက်ဖြူ  ကျေးလက်ဒေသနှင့်  မြို့ပေါ်မှ လူငယ်များ စုစုပေါင်း ၃၆ ဦး တက်ရောက်နေ သည်ဟု သိရသည်။

ခရိုင် ဥက္ကဌမှ တားမြစ်သည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း ခိုင်ကောင်းစံက ပြောသည်။

Most read this week