ငြိမ်းချမ်းရေးအတွက် အားလုံး ပါ၀င်နိုင်ရေး SNLD အတွင်းရေးမှူး ကွင်းဆင်းပြင်ဆင်

ငြိမ်းချမ်းရေးအတွက် အားလုံး ပါ၀င်နိုင်ရေး SNLD အတွင်းရေးမှူး ကွင်းဆင်းပြင်ဆင်
by -
သျှမ်းသံတော်ဆင့်

ငြိမ်းချမ်းရေးအတွက် သျှမ်းပြည်သားများကြား ယုံကြည်မှုတည်ဆောက်နိုင်ရန် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်က သျှမ်းပြည်နယ်မြို့နယ်အများအပြားသို့ ကွင်းဆင်းကာ တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ပင်လုံမြို့ရောက် SNLD အတွင်းရေးမှူးနှင့်အဖွဲ့ (ဓါတ်ပုံ-SNLD)

ဒီဇင်ဘာ ၂၈ ရက်နေ့မှစ၍ ယနေ့အထိ လားရှိုး၊ သိန္နီ၊ သီပေါ၊ ကျောက်မဲ၊ မိုင်းကိုင်၊ ပင်လုံ၊ လဲချား တောင်ကြီး သျှမ်းပြည်အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီများဖြစ်သည့် တအာင်းအမျိုးသားပါတီ၊ ကိုးကန့် ဒီမိုကရေ စီနှင့် ညီညွှတ်ရေးပါတီ၊ ဝ အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီ၊ အင်းအမျိုးသားတိုး တက်ရေးပါတီ စသည့် သျှမ်းပြည်တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟုဆိုသည်။

“ကျနော် မတွေ့ခဲ့ရတာ ဝ ဒီမိုကရက်တစ်ပါတီဘဲကျန်တယ်။ UWSP/UWSA နဲ့က ဒုတိယဗိုလ်ချုပ်ကြီး ဆေထဲန့် သွားတယ်။ နှစ်လအတွင်းညီလာခံ လုပ်နိုင်အောင် လုံးပမ်းနေတယ်။ လွတ်လွတ် လပ်လပ်ပါဝင် ဆွေးနွေးနိုင်အောင် လားရှိုးမြို့မှာလုပ်ဖို့ အစီအစဉ်ရှိတယ်။ တောင်ကြီးမှာဆိုရင် ပြည်နယ် လွှတ်တော်က ရှိတယ်လေ။ လားရှိုးမှာဆိုဘာမှမရှိဘူး။ ပိုလွတ်လပ်မယ်လို့မြင်တယ်” - ဟု SNLD အထွေထွေ အတွင်း ရေးမှူးစိုင်းညွန့်လွင်က ပြောဆိုသည်။

သျှမ်းပြည်မြောက်ပိုင်း၊ တောင်ပိုင်း တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် အလွှတ်သဘော လိုက်လံ တွေ့ဆုံ သည့် ခရီးတလျှောက်လုံးအဆင်ပြေကြောင်း ကျေနပ်အားရဖွယ်ကောင်းကြောင်း၊ ဝ အမျိုးသားစည်းလုံး ညီညွှတ်ရေးပါတီ ခေါင်းဆောင် တာ့လုပ်ပေါင်းကိုယ်တိုင်က ဖြစ်လာမည့်သျှမ်းပြည်ညီလာခံအား မဖြစ်မနေ တက်ရောက်မည်ဖြစ်ကြောင်း၊ ဝ အမျိုးသားဆိုင်ရာ စာတမ်းဖတ်နိုင်ရန်လည်း စီစဉ်ထားမည်ဟု သိရကြောင်း စိုင်းညွန့်လွင်က ပြောဆိုသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှုးစိုင်းညွန့်လွင် ၏ ခရီးစဉ်တွင် ရုံးအဖွဲ့မှုးစိုင်းရွှေကြူး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် စိုင်းလိန်မြတ်၊ စိုင်းလှဖေ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနမှ စိုင်းထွန်းအေး၊ ပညာရေးနှင့် နိုင်ငံခြားဆက်ဆံရေးဌာနမှစိုင်းဆမ်ဖွဏ်ဆိုင် တို့ပါဝင်သည်။