ကျားဖြူဥက္ကဌ ရာထူးမှဖယ်ပေးရန် ညီလာခံ၌တောင်းဆိုမှုရှိ

ကျားဖြူဥက္ကဌ ရာထူးမှဖယ်ပေးရန် ညီလာခံ၌တောင်းဆိုမှုရှိ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၌ ကျင်းပနေသော ကျားဖြူပါတီ၏ ဒုတိယအကြိမ်မြောက် ညီလာခံ ပထမနေ့တွင် ပါတီဥက္ကဌ စိုင်းအိုက်ပေါင်းအား ရာထူးမှ နှုတ်ထွက်ပေးသင့်ကြောင်း တောင်းဆိုမှုရှိခဲ့သည်ဟု တက်ရောက်သူများက ပြောသည်။

“ပါတီဝင်တွေက မြို့နယ်အလိုက် မိမိမြို့နယ်အကြောင်းအစီရင်ခံတင်ကြတယ်။ ငိုက်မြည်းနား ထောင်နေကြ ရတာပေါ့။ မွန်းလွဲပိုင်းလောက်ရောက်တော့ - လူငယ်လေး တယောက်ကကျားဖြူ ပါတီ ဉက္ကဌ ဖြစ်တဲ့ စိုင်းအိုက်ပေါင်း ရာထူးကနေဖယ်ပေးသင့်တယ်လို့ ထပြောမှ လူတွေက လှုပ် လှုပ်ရှားရှားဖြစ်လာတယ်။ အစိုးရရဲ့ ဝန်ကြီး ရာထူးလက်ခံထားရင် ပါတီဥက္ကဌ ရာထူးကခေတ္တ ဖယ်ရှားပေးသင့်တယ်။ နို့မဟုတ်ရင်တော့ ကျားဖြူပါတီဟာ အစိုးရရဲ့ပါတီ အလိုအလျောက် ဖြစ်သွားမယ်လို့သူက ပြောတာလေ” - ဟု ညီလာခံတက် ရောက်သည့် နန်းဖေါင် ကပြောသည်။

ကျားဖြူဥက္ကဌ ရာထူးမှဖယ်ပေးရန် ညီလာခံ၌တောင်းဆိုမှုရှိ

ကျားဖြူပါတီ၏ ပါတီညီလာခံ ပထမနေ့တွင် သျှမ်းပြည်အစိုးရ၏ သတ္တုတွင်းဝန်ကြီးရာထူး ထမ်းဆောင်ထားသည့် ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းအား ဝန်ကြီးရာထူးလက်ခံထားလျှင် ပါတီရာထူးမှခေတ္တ ဖယ်ရှားပေးသင့်ကြောင်း၊ သာမန်ပါတီဝင် တဦးအဖြစ်သာနေသင့်ကြောင်း လဲချားမြို့နယ် ကျားဖြူပါတီဝင် လူငယ်တဦးဖြစ်သည့် စိုင်းလွန့်ခေး က တောင်းဆိုခြင်းဖြစ်သည်။

“လူငယ်တဦးက အဲဒီလိုတောင်းဆိုတာမှန်တယ်။ ဒါပေမယ့် စိုင်းအိုက်ပေါင်းက - ဥက္ကဌ ရာထူး ကနေ ထွက်ပေးစေချင်တဲ့ အဲဒီအဆို ကိုထောက်ခံရင် မတ်တပ်ထရပ်ပါ- လို့  စင်ပေါ်တက်လာပြီး ပြောတယ်။ အဆိုတင် တဲ့ ကောင်လေး နဲ့ နောက်တယောက်ကလွဲလို့ လူပေါင်း ၆၀၀ ကျော် က မကန့်ကွက်ဘူး။ ထောက်ခံကြတယ်။ တယောက်မှ မထဘူးလေ” - ဟု ကျားဖြူပါတီ အတွင်းရေးမှူး စိုင်းလှကျော်က ပြောဆိုသည်။

ကျားဖြူပါတီ၏ ပြည်နယ်လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးကမူ ဒီမိုကရေစီနည်းကျကျလျှို့ဝှက် မဲစနစ်ဖြင့် ဆန္ဒကောက်ယူလျှင် ပါတီဝင်တို့၏ ဆန္ဒအမှန်ရလိမ့်မည်၊ လုပ်ဖို့လည်းလိုအပ်သည်ဟု သျှမ်းသံတော်ဆင့်အား သုံးသပ်ပြောဆိုသည်။

ကျားဖြူပါတီ၏ ဒုတိယအကြိမ် မြောက်ညီလာခံအား တာချီလိတ်မြို့၌ သုံးရက်ကြာကျင်းပမည်ဟု စီစဉ်ထား သော်လည်း ဂျန္နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် လွတ်လပ်ရေးနေ့ဂုဏ်ပြု ညစာစားပွဲသို့ သျှမ်းပြည်အစိုးရအဖွဲ့အနေနှင့် ဥက္ကဌ စိုင်းအိုက်ပေါင်း တက်ရောက်ရန်ရှိသဖြင့် ယနေ့ နံနက်ပိုင်းက နေပြည် တော်သို့ ပြန်သွားပြီဖြစ်ကြောင်း သိရသည်။

ထို့အတူ ညီလာခံအားလည်း ဒုဥက္ကဌ စိုင်းဆောင်ဆီ ဦးဆောင်မှုအောက်တွင် ဆက်လက် ကျင်းပခဲ့ပြီး ယနေ့ရက်စွဲဖြင့် ကြေငြာ ချက် ၆ ချက်ကို ထုတ်ပြန်၍ အဆုံးသတ်မည် ဖြစ်ကြောင်းနှင့် နက်ဖြန်နံနက်ပိုင်း  ညီလာခံတက်လာသည့် ကျားဖြူပါတီဝင်များ  ရွှေတြိဂံဒေသသို့ သွားရောက်လည် ပတ်ကာ ညနေပိုင်း၌ မိတ်ဆုံထမင်းဝိုင်းနှင့်အတူ အစည်းအဝေးအောင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း တက်ရောက် သူများက ပြောဆိုသည်။