ရေးမြို့နယ်ရောက် ဘင်္ဂါလီ ၁၅၀ ဦးအား လာရာလမ်းကြောင်းအတိုင်းပြန်ပို့

ရေးမြို့နယ်ရောက် ဘင်္ဂါလီ ၁၅၀ ဦးအား လာရာလမ်းကြောင်းအတိုင်းပြန်ပို့
by -
မွန်အေဂျင်စီ

မွန်ပြည်နယ် ရေးမြို့နယ်၌ လှေဖြင့်ဝင်ရောက်လာသော ဘင်္ဂါလီ ၁၅၀ ဦးကို ရေးမြစ်ဝအနီးရှိ မောရဝတီရေတပ် က ဖမ်းဆီးရမိပြီး ၎င်းတို့၏ မူလလာရာလမ်းကြောင်းအတိုင်း ပြန်ပို့လိုက်သည်ဟု သိရသည်။

ဖူးကက်မြို့သို့ရောက်ရှိလာ ဘင်္ဂါလီလှေစီးဒုက္ခသည်များ(Internet)

ဖမ်းဆီးခံလှေစီးဘင်္ဂါလီများကို ဇန်နဝါရီလ ၂ ရက်နေ့တွင် မောရဝတီရေတပ်က ဘင်္ဂလားပင်လယ်အော်ဘက် သို့ ပို့လိုက်သည်ဟု ရေးမြို့ အုပ်ချုပ်ရေးရုံးဝန်ထမ်းတစ်ဦးက အခုလို ပြောဆိုသည်။

၄င်းက “ကမ်းပေါ်ရောက်လာတဲ့ ရ၀ ယောက်နဲ့ လှေပေါ်ကျန်တဲ့ ၈၀ ယောက်တို့အားလုံးကို သူတို့လာတဲ့ လမ်းကြောင်းအတိုင်း ပြန်ပို့လိုက်ပြီး” ဟု ပြောသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ညဦးပိုင်းက ရေးမြို့ အနောက်ဖက် ပင်လယ်ကမ်းခြေရှိ အစင်ကျေးရွာ အနီး ရေလုပ်သားများနေထိုင်သော ဓမင်းဆိပ်ကြီးကျေးရွာသို့ ရောက်ရှိလာချိန် ၎င်းတို့အား ဖမ်းဆီးမိခြင်း ဖြစ်သည်။

အာဏာပိုင်များ၏ စစ်ဆေးမေးမြန်းချက်အရ ရခိုင်ပြည်နယ်မှတဆင့် ထိုင်းနှင့် မလေးရှားနိုင်ငံသို့ သွားရောက် ကြမည့် ဘင်္ဂါလီ ၁၅၀ ခန့်အား ပွဲစားများနှင့် စက်လှေပိုင်ရှင်များက စက်လှေကြီးများဖြင့် ခေါ်ဆောင်ခဲ့ပြီး ဓမင်းဆိပ်ကြီးကျေးရွာကမ်းခြေအရောက်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိပြီဟုဆိုကာ လှေပေါ်မှ ပစ်ချထားခဲ့ကြောင်း သိရသည်။

“လမ်းမှားသလိုလို လှေပျက်သလိုလိုဆိုပြီး ဒီနှစ်အတွင်း ကျနော်တို့နယ်ဘက်ကို ဝင်လာတာ အခုဆိုရင်လှေ ၃ စီးရှိသွားပြီ၊ လူသားချင်းစာနာထောက်ထားမှုအရ အစားအသောက်၊ ရေရိက္ခာတွေ အကူအညီပေးခဲ့ကြပါတယ်၊” ဟု ဓမင်းဆိပ်ကြီး ရွာသားတစ်ဦးက ပြောသည်။

အလားတူ ရေးမြို့နယ်၊ သဲခုံကျေးရွာသို့ ရေလမ်းမှ ဝင်ရောက်လာသော ဘင်္ဂါလီလူမျိုး ၈၀ ကျော်တို့ကို ၂၀၁၂ ခုနှစ် ဇွန်လက ဖမ်းဆီးအရေးယူခဲ့ပြီး ဖြစ်သည်။

ထို့အပြင် ထိုင်းရေပိုင်နက်သို့ ရောက်ရှိလာသော ရိုဟင်ဂျာဆိုသူ လူမျိုးများကို ထိုင်းဘုရင့် ရေတပ်က အကြိမ်ကြိမ်ဖမ်းဆီးရမိခဲ့ပြီး ထိုင်းရေပိုင်နက်အပြင်ဘက်သို့ မောင်းထုတ်ခဲ့ကြောင်း နိုင်ငံတကာနှင့် ပြည်တွင်း သတင်းများတွင် ရေးသားဖေါ်ပြခဲ့ကြသည်။

အမျိုးသမီးနှင့်ခလေးငယ်များအပါအဝင် ယမန်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်ကမ်းခြေအနီးသို့ရောက်ရှိ လာသော လှေစီးရိုဟင်ဂျာ ရ၃ ယောက်အား ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းကာ နေရပ်သို့ပြန်ပို့မည် ဖြစ်ကြောင်း ဘန်ကောက်ပို့သတင်းတွင် ဖေါ်ပြပါရှိသည်။

Most read this week