ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ဋ္ဌာနချုပ် ၊ လိုင်ဇာမြို့အား အပြင်စည်း လုံခြုံရေးယူထားသော KIA နှင့် ABSDF တပ်စခန်းများအား မြန်မာအစိုးရမှ ဂျက်တိုက်လေယာဉ်များ ၊ ရဟတ်ယာဉ်များ အသုံးပြု၍ ယနေ့နံနက် ၁၀ နာရီခန့်မှ နေ့လည်ပိုင်းအထိ လေကြောင်းမှ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အစိုးရ လေကြောင်းတိုက်ခိုက်မှုကြောင့် ABSDF နှင့် KIA တပ်စခန်းများ အတွင်းရှိ အဆောက်အဦးတချို့ ဒုံးထိမှန် ပျက်စီးမှု ရှိသော်လည်း လူအသေအပျောက်မရှိကြောင်း ABSDF ကျောင်းသားတပ်မတော်မှ ဗိုလ်မှူး ကျော်ကျော်က သျှမ်းသံတော် ဆင့်သို့ ပြောသည်။
“ဒီမနက် ၁၀ နာရီလောက်မှာ ဂျက်တိုက်လေယာဉ် စုစုပေါင်း ၅ စီးနဲ့လာပစ်တယ်။ ၂ စီးက ၃ ကြိမ် ၊ ၃ စီးက ၃ ကြိမ် အားလုံး ၁၂ ကြိမ် တိုက်ခိုက်တယ်။ ပထမ ဒုံးနဲ့အရင်ပစ်တယ်။ ပြီးတော့စက်သေနတ်နဲ့ဆွဲတယ်။ အဲဒါပြီးမှ စခန်းပေါ်ပျံဝဲပြီး ဗုံးတွေကျဲတယ်။ ကျနော်တို့စခန်းက အဆောက်အဦး တစ်လုံးထိသွားတယ်။ နောက်လိုင်ဇာ - ဗန်းမော်ကားလမ်းက တံတား လည်း အတော်ထိခို်က်ပျက်စီးသွားတယ် ” ဟု သူက ပြောသည်။
KIA တပ်မဟာ ၅ ၊ အလင်းဘွန်စခန်း ၊ လဂျာယန်အနီးရှိ ကျောင်းသားတပ်စခန်းနှင့် ဗန်းမော် - လိုင်ဇာကားလမ်း တစ် လျှောက် အချက်အခြာနေရာများ တိုက်ခိုက်ခံခဲ့ရကြောင်း သူက ဆက်ပြောသည်။
“အခုလေကြောင်း ပျံသန်းမှုတွေက တရုတ်လေပိုင်နက်ထဲကို ၀င်သွားတာတွေ့ရတယ်။ တရုတ်ဆီခွင့် တောင်းပြီး တရုတ် ခွင့်ပြုချက်နဲ့ လာတိုက်တာလို့လည်း သိရတယ် ။ အခုမြေပြင်တပ်တွေလည်း ကပ်လာပြီ။ ကျနော်တို့ဘက်က မလွဲသာ မရှောင်သာ တိုက်ရမဲ့ အနေအထား ဖြစ်သွားပြီ။ မြေပြင်တိုက်ပွဲတွေ မှာလည်း လေကြောင်းစစ်ဆင်ရေးတွေလည်း ထပ် လုပ်မဲ့ အနေအထားရှိနေတယ်” ဟု ဆိုသည်။
ထိုသို့ လေကြောင်းတိုက်ခိုက်နေချိန်မှ စ၍ ယခုသတင်းရေးသားနေချိန် မွန်းလွဲ ၂ နာရီခွဲခန့်အထိ ဒေါ့ဖုန်းယန်မြို့နယ် ခွဲ အတွင်းရှိ အစိုးရတပ်၏ ခန်းကိုင်အမြောက်စခန်းနှင့် နားလုံတပ် စခန်းများမှ အမြောက်များဖြင့် ABSDF နှင့် KIA စခန်းများ အား ဒလစပ်တိုက်ခိုက်နေကြောင်းလည်း သိရသည်။
ယခုအခါ လိုင်ဇာမြို့နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည့် အစိုးရတပ် နားလုံတပ်စခန်းသို့ ရောက်ရှိနေသည့် အစိုးရတပ်များ စတင်ချဉ်းကပ်လာရာ မကြာမီ နှစ်ဘက် မြေပြင်တိုက်ပွဲများဖြစ်ပွားရန် အလားအလာရှိ နေကြောင်း ရှေ့တန်းရောက် ကျောင်းသား တပ်မှူး တစ်ဦးအဆိုအရ သိရသည်။
မြန်မာ့တပ်မတော် တွင် ဒုံးတပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် (ဒတခ) ၃ ခု၊ ဒုံးတပ်ရင်း (ဒတရ) ၁၀ ရင်းရှိသည့်အနက် သျှမ်းပြည်နယ်အတွင်း ၂ ရင်း (နောင်ချိုနှင့် ကျိုင်းတုံ) နှင့် ကချင်ပြည်နယ် မိုးညှင်းမြို့ တွင် အမှတ် ၆၀၃ တပ်ရင်းတို့ ရှိသည်။