စစ်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ရထား KIA မိုင်းခွဲ

စစ်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ရထား KIA မိုင်းခွဲ
by -
ရွှေဟင်္သာ

စစ်ပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ရထားတစင်းအား မန္တလေး -မြစ်ကြီးနား ရထားလမ်းပိုင်း နမ္မားဘူတာနှင့် မြို့သစ်ကလေး ဘူတာအကြား မိုင်တိုင် ၆၄၃/၂၂-၂၃ ကြားတွင်ယနေ့ နံနက် ၁ နာရီခန့်က KIA မှ မိုင်းခွဲလိုက်ကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် ပြောခွင့်ရသူ ဦးလနန်က ဆိုသည်။

20121221 132511

“စစ်ပစ္စည်းတွေ တင်လာတယ်ဆိုတာကို အတိအကျသိရလို့ ခွဲလိုက်တာပါ။ သူတို့က ကျနော်တို့ကို စစ်ဆင်ဖို့ လိုအပ် နေတဲ့ လက်နက်ကြီးတွေ လက်နက်ခဲယမ်းမီးကျောက်နဲ့ ရိက္ခာတွေ တင်လာတာဖြစ်တယ်။ အရပ်သား ရထားတော့ မဟုတ်ဘူး။ ဒါကြောင့် အရပ်သားတွေ ထိခိုက်မှု မရှိတာဖြစ်ပါတယ်။ ကျနော်တို့ကလည်း ဒီရထားမျိုးကို ခွဲပစ်ရမှာဘဲ။” ဟု ဆိုသည်။

မိုင်းဒဏ်ကြောင့် မန္တလေးမြို့ဟောင်း -မြစ်ကြီးနား ကုန်တင်ရထား အမှတ် (၉၃၇) ၏ စက်ခေါင်း DD-1137 အပါအဝင် ကုန်တွဲသုံးတွဲနှင့် နားနေတွဲတစ်တွဲ တိမ်းမှောက်ခဲ့ကာ ကုန်တွဲတစ်တွဲ လမ်းချော်ခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ရထားစက်ခေါင်းမောင်း ဦးကျော်မြင့် အပါအဝင် လက်ထောက် စက်ခေါင်းမောင်း နှစ်ဦးဖြစ်သည့် ဦးနေလင်းထွန်းနှင့် ဦးဉာဏ်ထွန်းတို့ ဒဏ်ရာ ရရှိခဲ့သော်လည်း ပြင်းထန်မှုမရှိကြောင်း သိရသည်။

ယခုကဲ့သို့ မိုင်းခွဲလိုက်ခြင်းကြောင့် စစ်ပစ္စည်းများအချိန်မှီမရောက်နိုင်သဖြင့် KIA ကို စစ်ဆင်ရန် ပြင်ဆင်နေမှု များလည်း ထိခိုက်လာဖွယ်ရှိမည်ဟု KIA ဖက်က ဆိုသည်။  အဆိုပါကုန်တင်ရထားတိမ်းမှောက် သွားသဖြင့် လမ်းပိတ်ပြီး ခေတ္တ ရပ်နားနေရသော မန္တလေး -မြစ်ကြီးနား အစုန်အဆန်ရထားအချို့မှ ခရီးသည်များကို ရွှေ့ပြောင်းပေးသည့် နည်းဖြင့် ပို့ဆောင်သွားမည်ဟု မီးရထားဝန်ထမ်းများက ဆိုသည်။ ရထားလမ်းကိုလည်း နက်ဖြန်၌ ပြန်လည်ပြုပြင်သွားမည်ဖြစ်ပြီး မန္တလေးဘူတာကြီးမှ မြစ်ကြီးနားရထားများ ကိုလည်း ပုံမှန်အတိုင်း ထွက်ခွာစေမည်ဟု မီးရထားဝန်ထမ်းများက ခရီးသည်များကို ပြောကြားထားသည်။

Most read this week