အိန္ဒိယ ဝန်ကြီးချုပ်နှင့် မြန်မာသမ္မတတို့ သီးသန့်တွေ့ဆုံ

အိန္ဒိယ ဝန်ကြီးချုပ်နှင့် မြန်မာသမ္မတတို့ သီးသန့်တွေ့ဆုံ
by -
မဇ္စျိမ

မြန်မာ သမ္မတ ဦးသိန်းစိန် အား အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း Dr. Manmohan Singh က နယူးလေဒီမြို့တွင် သောကြာနေ့မနက်က သီးသန့် လက်ခံတွေ့ဆုံခဲ့သည်။

ကျင်းပနေသည့် အိန္ဒိယ-အာဆီယံ ထိပ်သီး အစည်းအဝေးအား မြန်မာ သမ္မတကိုယ်တိုင် တက်ရောက်လာခြင်း အတွက် ဝမ်းမြောက်ကြောင်း Vijyan Bhawan တွင် နာရီဝက်ကြာ တွေ့ဆုံစဉ် မစ္စတာ မန်မိုဟန်ဆင်း က ပြောဆိုခဲ့ သည်။

“အိန္ဒိယ ဝန်ကြီးချုပ်က မြန်မာသမ္မတကြီးကို ခုလို ကိုယ်တိုင်ကိုယ်ကျ ဒီ ထိပ်သီးအစည်းအဝေးကိုလာပြီး တက် ရောက်တဲ့အတွက် ကျေးဇူးတင်ကြောင်း၊ နောက် အိန္ဒိယနိုင်ငံရဲ့ Look East Policy (အရှေ့မျှော် မူဝါဒ)အတွက် စဉ်းစားချက် လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံဟာ ခွဲခြားမရတဲ့ အစိတ်အပိုင်းတရပ်လို့ ပြောပါတယ်။ အင်မတန်မှ ကောင်းပါတယ်ခင်ဗျာ”  ဟု ဒေလီရှိ သံရုံး ယာယီတာဝန်ခံ/သံမှူးကြီး ဦးဘလှအေး က မဇ္စျိမကို ပြောသည်။

၂ဝ ကြိမ်မြောက် အိန္ဒိယ-အာဆီယံ ဆွေးနွေးဖက်နှင့် ၁ဝ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို နယူးဒေလီမြို့၊ Taj Palace Hotel တွင် ကြာသပတေးနေ့မှ စတင်၍ နှစ်ရက်တာ ကျင်းပခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ သက်တမ်းအတွင်း ဒေါက်တာဆင်းနှင့် သီးသန့်တွေ့ဆုံမှု သုံးကြိမ် ရှိခဲ့ပြီးဖြစ်ကာ အိန္ဒိယနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ခြင်းလည်း ဖြစ်သည်။

မေလအတွင်းက ဝန်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလ အတွင်း ကလည်း သမ္မတ ဦးသိန်းစိန် အိန္ဒိယသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သေးသည်။

ကြာသပတေးနေ့ညပိုင်းတွင် သမ္မတ ဦးသိန်းစိန်သည် နယူးဒေလီရှိ မြန်မာသံရုံးနှင့် စစ်သံရုံး မိသားစုများနှင့် တွေ့ဆုံ ကာ ဆုံးမသြဝါဒ မြွက်ကြားခဲ့ကာ ရုံးအမှုထမ်းများက ဦးခိုက် ကန်တော့ခဲ့ကြကြောင်း သိရှိရသည်။

ဦးသိန်းစိန်သည် သောကြာနေ့ညတွင် အိန္ဒိယ စက်မှုလုပ်ငန်းရှင်များအသင်း CII မှ မုံဘိုင်းမြို့တွင် တည်ခင်း ဧည့်ခံ မည့် သီးသန့် ညစာစားပွဲသို့ တက်ရောက်ကာ အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၏ အမှုဆောင် အရာရှိများနှင့် အလွတ်သဘော တွေ့ဆုံမည် ဖြစ်သည်။

ထို့နောက် စနေနေ့တွင် မြန်မာ့ ကုန်းဘောင်မင်းဆက် နောက်ဆုံးဘုရင် သီပေါမင်း စံမြန်းခဲ့ရာ ရတနာဂီရိသို့ သွားရောက်ကြည့်ရှုလေ့လာပြီး မြန်မာနိုင်ငံသို့ မံဘိုင်းမြို့မှ ပြန်လည်ထွက်ခွါမည် ဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေး လမ်းမကြီးကိစ္စ အထူးဆွေးနွေးရန်အတွက် သုံးနိုင်ငံခေါင်းဆောင် များ ဤထိပ် သီးစည်းဝေးပွဲ ကာလတွင် သန်းသန့် တွေ့ဆုံဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။

Most read this week