ချင်းတွေ စည်းလုံးညီညွတ်မှု အားကို ဖလမ်းမြို့မှ စတင်သည်ဟု ချင်းအမျိုးသားတပ်ဦး အထွေထွေ အတွင်းရေးမှူးချုပ် ပူး ဇင်ကျုံးက ပြောလိုက်သည်။
အဓိပတိကောင်စီ ဥက္ကဌ ဒေါက်တာ ဇလှေထန်း ဦးဆောင်လာသည့် CNF ငြိမ်းအဖွဲ့သည် ဒီဇင်ဘာလ ၁၇ ရက်နေ့ညနေ ၃ နာရီခန့်တွင် ဖလမ်းမြို့သို့ ၀င်ရောက်လာပြီး မြို့နယ်ခန်းမ လူထုတွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပြောလိုက်ခြင်းဖြစ်သည်။
၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီ ၂၀ ရက်နေ့တွင် ချင်းလူထု ၅,၀၀၀ ခန့်တက်ရောက်သည့် ဖလမ်းညီလာခံကြီးကို ရည်ညွန်းပြီး ပြောဆိုလိုက်တာဖြစ်သည်။
“ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်ပေါက်ဖွားစေတဲ့ ဖေဖေါ်ဝါရီ ၂၀ ချင်းအမျိုးသားနေ့ဟာ ချင်းတမျိုးသား လုံးစည်း လုံးညီ ညွတ်မှုကို ပြသတာဖြစ်တယ်၊ ဒီဖလမ်းစိတ်ဓါတ်ကို စွဲကိုင်ပြီးချင်းအမျိုးသားနိုင်ငံရေးကို လုပ်ဆောင်ရမှာဖြစ်တယ်၊ ယနေ့ လို ငြိမ်းချမ်းရေးတံခါးပွင့်လာတဲ့ အချိန်မှာ ချင်းတမျိုးသားလုံးဟာ လက်တွဲသင့်တယ်၊ ယနေ့လိုမျိုး ဒေသခံတွေရဲ့ ကြိုဆိုမှုဟာချင်းအမျိုးသားစည်းလုံးညီညွတ်မှုကို ပြသတာဖြစ်တယ်” ဟု ပြောသည်။
ဒေါက်တာဇလှေထန်းနှင့် အဖွဲ့အား ဖလမ်းမြို့ပေါ် အထင်ကရပုဂ္ဂိုလ်များ၊ အမျိုးသမီးအသင်းအဖွဲ့များ၊ ဘာသာရေး အသင်းအဖွဲ့များ၊ အစိုးရ အရာရှိကြီးများ၊ ကျောင်းသားလူငယ်စုစုပေါင်း ၁၀,၀၀၀ ခန့်မှ ရိုးရာအကများ၊ ညစာစားပွဲများဖြင့် နွေးထွေးစွာကြိုဆိုကြသည်။
ဥက္ကဌကြီး ဒေါက်တာဇလှေထန်းကလည်း ချင်းအမျိုးသားတပ်ဦးရဲ့ တော်လှန်ရေးတိုက်ပွဲဟာ ကျတော် လုပ်လာခဲ့တဲ့ တော်လှန်ရေး ရည်မှန်းချက်နဲ့ ထပ်တူ ကျလို့ ကျတော်စီအဲန်အက်ဖ်ကို ၀င်ရခြင်းဖြစ်ကြောင်း၊ စီအဲန်အက်ဖ်ဟာ ဒေသ မျိုးနွယ်စု တခု နှစ်ခု အတွက် တော်လှန်ရေးလုပ်နေတာမဟုတ်ကြောင်း ဒါကြောင့် အားလုံးက ပါ၀င်သင့်ကြောင်း ပြောခဲ့ သည်။
ဖလမ်းမြို့ပေါ်မှ မြို့မိမြို့ဖ ဖြစ်သူ ပူးထန်ကိမ်း တိုင်ပေးချက်အရ ဖလမ်းပြည်သူလူထုသည် ဒီမိုကရေစီအရေး ဒို့အရေး၊ စည်းလုံးညီညွတ်ရေး ဒို့အရေး၊ ဖက်ဒရေတည်ဆောက်ရေး ဒို့အရေး ဆိုပြီး သုံးကြိမ်တိုင်တိုင် ရွတ်ဆို ကြသည်။
“ဖလမ်းလူထုရဲ့စီအဲန်အက်ဖ် ကြိုဆိုမှုဟာ အံ့မခန်းပါပဲ” ဟု ချင်းငြိမ်းချမ်းရေး အကျိုးတော်ဆောင် အတွင်းရေးမှူးက ပြောသည်။