မကဒတ တပ်မတော်မှ စစ်သည်များပြည်တွင်းသို့ လေ့လာရေး ခရီး သွားရောက် ခဲ့သော မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF) ဥက္ကဌ ဦးသံခဲ ခေါင်းဆောင်သည့် အဖွဲ့သည် ယနေ့ (၁၀) နာရီတွင် ရန်ကုန်မြို့၊ ဝေဇယန္တာ လမ်းရှိ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးသို့ လာရောက် တွေ့ဆုံ ခဲ့ကြ သည်ဟု 88 Generation Students မှ သတင်း ထုတ်ပြန်လိုက်သည်။
အဆိုပါ တွေ့ဆုံ ပွဲတွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသော ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ် ၊ ကိုမြအေး၊ ကိုပြံုးချို တို့က လက်ခံ တွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်ဟု ဆိုသည်။ မည်သို့ ဆွေးနွေး ကြသည်ကို ထုတ်ပြန်ခြင်း မရှိ သော်လည်း ABSDF ၏ အနာဂတ် နိုင်ငံရေး အခန်း ကဏ္ဍ အတွက်နှင့် လက်တွဲ ဆောင်ရွက် ကြမည့် ကိစ္စများ ဆွေးနွေး ကြဖွယ် ရှိသည်ဟု ကျောင်းသား အသိုင်းအဝိုင်းမှ ပြောသည်။
ABSDF အဖွဲ့သည် ပြည်တွင်းရှိ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ (UNA) နှင့် မနက်ဖြန်တွင် တွေ့ဆုံရန် ရှိပြီး၊ အစိုးရ သစ်၏ ပြုပြင် ပြောင်းလဲရေး အပေါ် အခြေခံပြီး အမြင် ဖလှယ်ကြမည်ဟု တိုင်းရင်းသား မဟာမိတ် အဖွဲ့က ပြောဆိုသည်။
ABSDF အဖွဲ့သည် တိုင်းရင်းသား မဟာမိတ်များ အဖွဲ့နှင့် တွေဆုံ ပြီးနောက် နေပြည်တော်သို့ သွားရန် ရှိပြီး ၀န်ကြီး ဦးအောင်မင်းနှင့် ကနဦး ဆွေးနွေးခဲ့စဉ်က ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နယ်စပ် ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီး ဌာန များမှ တာဝန် ရှိသူ များနှင့် တွေ့ဆုံရန် ရှိကြောင်း သိရသည်။
ထို့အပြင် ABSDF အဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗကသများ၊ Generation Wave၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ မကဒတ ရဲဘော်ဟောင်းများ၊ (၆၂) မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဟောင်းများ၊ ဝါရင့် နိုင်ငံရေး သမား များနှင့်လည်း တွေ့ဆုံရန် ရှိသေး သည်ဟု ခရီးစဉ် အစီအစဉ် အရ သိရသည်။